
ကျနော်တို့ သူငယ်ချင်း တစ်စု အသိုက်ပြောင်းတော့မည်။ အသိုက်ဆိုလို့ ကျနော်တို့ ဝေဖန် လေကန်နေကြ နေရာ လေးတစ်ခု ဖြစ်သော မြေနီကုန်း စမ်းချောင်းလမ်းရှိ ပွင့်မြတ်မိုးဆိုင်မှ တခြား တစ်နေရာသို့ ရွှေ့ပြောင်းကြတော့မည်။ ထိုနေရာလေးသည် ကျနော်တို့ ရင်ထဲတွင် အမှတ်တရ ဖြစ်ခဲ့သော နေရာလေး တစ်ခု ဖြစ်သည်။ ဘာအလုပ် လုပ်လုပ် ဘာအကြောင်းပြောပြော ညနေ ၀က်မြီးမှာ ဆုံမယ်လို့ ဆိုလိုက်ရင် နဂိုမူရင်း နာမည်ပျောက်လို့ ကျနော် တို့ သူငယ်ချင်း တစ်စု ကြားထဲတွင် ၀က်မြီးလို့သာ အမည်သညာ မှည့်ခေါ် ခဲ့ကြသည်။ ၀က်မြီးဟု ဆိုရခြင်း အကြောင်းမှာ ထိုဆိုင်တွင် ၀က်မြီးကင်မှာ အတော်ကောင်းသည်။ ၀က်မြီးကင် တစ်ပွဲကို တစ်ထောင့်နှစ်ရာ ပေးရပြီး မြိတ်ချဉ် လေးနှင့် Grand တပြားနှင့် တစ်ခါတစ်လေလည်း တစ်ပြား နှင့်မလောက် သုံးလေးပြားပင် ဖြစ်ခဲ့ဘူးသည်။ ထိုနေရာလေးမှ ကျနော်တို့ ရွှေ့ပြောင်းကြတော့မည်။ ပြောင်းရ ခြင်း အကြောင်းမှာလဲ ကျနော်တို့လူစုနှင့် ၀က်မြီးဆိုင် အလုပ်သမားများ သဟဇာတ မတည့်၍ မဟုတ် ကျနော် တို့ လူစုမှာ နယ်ပယ်စုံမှ လူများ ဖြစ်သည့်ပြင် တဖြည်းဖြည်း အသိုင်းအ၀ိုင်း ကျယ်ပြန့်လာသဖြင့် တစ်ခါတစ်ခါ ဆိုလျှင် အနည်းဆုံး ရှစ်ဦးမှ ဆယ့်နှစ်ဦးထိ ရှိတတ်ကြသဖြင့် ၀က်မြီးဆိုင် ခပ်ကျဉ်းကျဉ်းတွင် ဘယ်လိုမှ အဆင် မပြေနိုင်ကြတော့ပေ။ မိုးမရွာလျှင် ပလက်ဖောင်းနံဘေး ခုံခင်းခိုင်းပြီး ထိုင်ချင်တိုင်း ထိုင် လူဘယ်လောက် များများ ပြဿနာ မရှိပေမယ့် မိုးရွာသည်းထန်ပြီး ဆိုင်ခန်း အတွင်းဘက်သို့ နေရာယူလိုက်သည့် အခါ ကျနော်တို့ လူ အုပ်များများအတွက် ထိုင်စရာ နေရာ အခက်အခဲ ရှိပြီး ဆိုင်အတွက်လဲ အနှောင့် အယှက်ဖြစ်သည်။ တစ်ခါတစ်လေ ကျနော်တို့ လူစုသည် ဆိုင်ကို အားနာ သဖြင့် ခုံနှစ်လုံးတွင် သုံးယောက် ထိုင်ခဲ့ကြရဘူးသည်။ သုံးနှစ်ကျော်ကြာ ညနေတိုင်း စွဲစွဲမြဲမြဲ ထိုင်ခဲ့သော နေရာလေးမို့ လွမ်းဆွတ် တမ်းတခြင်းတော့ ဖြစ်မိသည်။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ ပြောင်းကြတော့မည်။ မည်သည့် နေရာ မည်သည့် ဆိုင်ဆိုသည်ကတော့ ကျနော်တို့ စဉ်းစားတိုင်ပင်လျှက်ပင် ရှိတုန်းဖြစ်သည်။

No comments:
Post a Comment