Showing posts with label myanmar pro league. Show all posts
Showing posts with label myanmar pro league. Show all posts

March 7, 2009

မြန်မာပရိုလိဂ်အကြို

Photobucket
တစ်ချိန်တုန်းက သူနှင့်ကျနော် တော်တော်ခင်ခင်မင်မင် ပေါင်းဖြစ်ခဲ့ကြသည်။ သူဆိုတာက ကျနော် အတုယူ လေးစားအားကျခဲ့ရသော အစ်ကိုကြီး တစ်ယောက်ဖြစ်သည်။ သူသည် အားကစားဘက်တွင် ထူးချွန်သော လူတစ်ယောက်ဖြစ်ခဲ့သည်။ အထူးသဖြင့် ဘောလုံးကန်ရာတွင် တိုင်းလက်ရွေးစင် ဖြစ်သည့် အထိ ထူးချွန်ခဲ့ သည်။ ကျနော် ငယ်ငယ် ငါးတန်း၊ ခြောက်တန်း အရွယ်တွင် သူသည် ဆယ်တန်းအောင်ပြီး၍ ဘောလုံးဘက်တွင် အတော်ထူးချွန်နေခဲ့ပြီးသော လူတစ်ယောက်ဖြစ်နေပေပြီ။ ကျနော်က ဘောလုံးဆိုသည်မှာ ခြေထောက်ထဲ ရောက်လျှင် တောင်နှင့်မြောက်ကန်ရသည်ဟု သိထားခဲ့ပြီးသည့်အချိန်တွင် သူသည် ကာယ နှင့် ဥာဏကို ပေါင်းစပ်ကာ ဘောလုံးကို နည်းစနစ်ကျနစွာ ကစားပြခဲ့သည်။ ကျနော်တို့ မြို့နယ်မှ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးမှူးသည် ထိုသူအား အတော်သဘောကျခဲ့သည်။ တစ်ချိန်ကျလျှင် တောက်မည့်မီးခဲ ဟု သဘောထားလျှက် ကျနော့် အစ်ကိုတော်ကြီးအား နေရာပေးခဲ့လေသည်။ ကျနော်တို့ နေထိုင်ခဲ့သော မြို့နယ်လေး သည် 1990 ခုနှစ် တစ်ဝိုက်က အစိုးရမှ မြို့သစ်ကွက်သစ်များ ဖော်ဆောင် ပေးခဲ့သော နေရာလေး ဖြစ်သည်။ ကနဦးအစပိုင်းလောက်တုန်းက အဆောက်အဦးများ မဆောက်လုပ်ရသေးသည့် မြေကွက်လပ် အလွတ် များသည် ကျနော်တို့၏ ခြေစမ်းရာ အားကစားကွင်းများ ဖြစ်ခဲ့သည်။ ကျနော် ဘောလုံးကန်တတ် အောင် ထိုသူသည် ကျနော်တို့၏ ကစားကွင်းလေးတွင် ကျနော့်အား သင်ပေးခဲ့လေသည်။

တစ်နေ့တော့ ထိုသူ၏ ကံဆိုးမိုးမှောင်ကျမှုများသည် ကျရောက်လာခဲ့လေသည်။ ထိုနေ့က ကျနော်တို့ မြို့နယ် နှင့် သန်လျင်မြို့နယ်တို့ ရန်ကုန်တိုင်း ဥက္ကဌ ဖလားပွဲ ကစားခဲ့ကြသည်။ ပွဲချိန်မိနစ် 20 အရောက်တွင် တစ်ဖက်မှ ကစားသမားနှင့် ကျနော့်၏ မိတ်ဆွေသည် ထိခိုက်မိပြီး ထိုသူ ခြေကျင်းဝတ် သွင်သွင်းကျိုးသွားခဲ့သည်။ ဖြစ်ဖြစ်ချင်း ခြေကျင်းဝတ်သည် ဖူးရောင်လာခဲ့ပြီး ခြေထောက်လုံးဝထောက်လို့ မရတော့ပေ။ ကွင်းအတွင်းမှာ ရှိသည့် ကြက်ခြေနီလူငယ်များကလည်း ထိရောက်စွာ ကုသမှု မပေးနိုင်ခဲ့သဖြင့် ဆေးရုံသို့ရောက်အောင် အားတင်း ကြိတ်မှိတ် သွားခဲ့ရသည်။ အဲဒါနှင့်ပဲ ကျနော် မိတ်ဆွေသည် ဘောလုံးကစားခြင်းမှ လုံးဝ အနားယူ ရသည် အထိ ဖြစ်ခဲ့ရသည်။ ဒီနေ့ ဒီအချိန်အထိ သူ၏ခြေထောက်တစ်ဖက်သည် လမ်းလျှောက်လျှင် အနည်းငယ် ထော့နင်းထော့နင်း ဖြစ်နေလျှက်ရှိသည်။ သူသည် မြို့နယ်အတွက်၊ တိုင်းအတွက် ထူးထူးချွန်ချွန် အားကြိုး မာန်တက် သူစွမ်းသလောက် ဘာအကျိုးမှ မျှော်လင့်ခြင်းမရှိပဲနှင့် ကစားပေးခဲ့သည်။ သူဒဏ်ရာအနာတရ ဖြစ်နေ ချိန်တွင် မြို့နယ်မှ ပိုက်ဆံ ထောက်ပံ့မှု၊ ဆေးဝါးကုသမှုစားရိတ်များ လာရောက်ထောက်ပံ့ပေးသည်ဟု ကျနော် လုံးဝ မြင်တွေ့ခဲ့ရခြင်း မရှိပေ။ သူ၏၀ါသနာ ကြိုစားအားထုတ်မှုများနှင့် အစွမ်းအစများသည် ရိုက်ချိုး ခံလိုက်ရသည်။ သူ့ဘ၀တွင် ကြိုးစားအားထုတ်ခဲ့သဘောက် မည်သည့်အရာမျှ အကျိုးမထင်ခဲ့ပေ။ အတော် ၀မ်းနည်းစရာကောင်းလွန်းသည်။ အခုတော့ မြန်မာဘောလုံးသမိုင်းကို တစ်ခေတ်ဆန်းတော့မည် Professional League အဖြစ်ပြောင်းလဲ ပြစ်လိုက်လေပြီ။ ကြိုးစားအားထုတ်လျှင် အားထုတ်သလောက် အကျိုးရှိပေတော့မည်။ အောက်ခြေ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအထိ လိုက်လံကာ မီးခဲပြားဖုံးများအား ရှာဖွေနိုင်လျှင် မျိုးဆက်ပြတ် သည့် အခြေအနေမျိုး ကြုံတွေ့နိုင်တော့မည် မဟုတ်ဟု ကျနော် ယူဆမိသည်။ ဘောလုံးပါရမီရှင်များအားလည်း ကောင်းစွာ ပြုစုပျိုးထောင်ပေးသင့် လှပေသည်။ ကျနော့် မိတ်ဆွေလို ကိစ္စများ ထပ်မံ ကြုံတွေ့ခြင်း မရှိနိုင်တော့ ဟုလည်း မျှော်လင့်မိပါသည်။