September 21, 2009

မြန်မာစံတော်ချိန်

ယနေ့ခေတ် လူတော်တော်များများသည် အင်္ဂလိပ်စံတော်ချိန်ုကိုသာ သိကြတော့သည်။ မြန်မာ အချိန်(၀ါ)နာရီ မည်သို့မည်ပုံ သတ်မှတ်သည် ကို ကြားဖူးနားဝပင် ရှိချင်မှ ရှိလိမ့်မည်။ ကျနော်လဲ မကြားဘူးပေ ဒါပေမယ့် သိချင်စိတ် ပျင်းပြလွန်းသဖြင့် စာအုပ်စာတန်းများကို ရှာဖွေဖတ်ရှု လေ့လာရာမှ ရှေးမြန်မာများ အချိန် သတ်မှတ်ပုံကို Knowledge Sharing အနေဖြင့် ပြန်လည် ဖောက်သည်ချလိုက်ရပေသည်။

``စံတော်ချိန်(၀ါ)နာရီ ဟူသည် အချိန်ကာလကို သတ်မှတ် ပိုင်းခြား၍ ဆိုသော သင်္ကေတ ပညတ်စကား ဖြစ်လေသည်။ နေ့ ၁၂ နာရီ၊ ည ၁၂ နာရီ နှစ်ရပ်ပေါင်း ၂၄ နာရီ ကို တစ်ရက်ဟု ယနေ့ခေါ်၏။ ရှေးမြန်မာ တို့ကမူ တစ်ရက်ကို မြန်မာစံတော်ချိန် နာရီပေါင်း ၆၀ ထား၍ သတ်မှတ် သုံးစွဲ လာခဲ့ကြသည်။

ယနေ့ တစ်ရက် အဖို့ နေ့ ၁၂ နာရီ၊ ည ၁၂ နာရီ အတူအမျှ ထားသော်လည်း မြန်မာစံတော်ချိန်၌ ထိုကဲ့သို့ အညီအမျှ ၁၂ နာရီစီ မထားပဲ နေ့တာ အတိုအရှည် ကိုလိုက်၍ နာရီဖွဲ့၍ ထားကြကုန်၏။

ထို့ကြောင့် တစ်ရက်ကို နေ့ ၃၀ နာရီ၊ ည ၃၀ နာရီ ညီမျှသော လလည်း ရှိသည်။ မညီမျှသော လလည်း ရှိသည်။ နေ့နာရီက ညဥ့်နာရီထက် ပိုသော လလည်း ရှိသည်။ ညဥ့်နာရီက နေ့နာရီထက် ပိုသေ လလည်း ရျိသည်။

အောက်ပါ သံပေါက်ကဗျာသည် ရှေးမြန်မာတို့ အသုံးပြုခဲ့ကြသော စံတော်ချိန်ကို တွက်ချက် ပြထားသည့် စံတော်ချိန် ကဗျာဖြစ်လေသည်။

``ပတ်သာတံရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။

တစ်ဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီမေး။

ဆဲ့နှစ်လသည်၊ နေ့ဖို့ရည်၊ ညဥ့်သည် အကြွင်းဆေး။´´

ပထမ အပိုဒ်၌ အက္ခရာ ၁၂ လုံးပါသည်။ ယင်း ၁၂ လုံးအနက် တစ်လလျှင် တစ်လုံးကျ တန်ခူးလက စ၍ မြန်မာ ၁၂လကိုလည်း ပြသည်။ တစ်လုံးစီသော အက္ခရာဖြင့် နံသင့် ဂဏန်းကိုလည်း ပြသည်။ ဆိုသော် ``ပတ်´´ ဟူသော စကားလုံးအရ လအားဖြင့် တန်ခူး၊ နံသင့် ဂဏန်းအားဖြင့် ``၅´´ ဟု ဆိုလိုသည်။ ကျရောက်ရာ စာလုံးကို မှတ်၍ လကို ရေတွက်ပုံ ထိုလ၌ နံသင့်ဂဏန်း မည်ရွေ့မည်မျှ ကောက်ယူပုံတို့ကို အောက်ပါ အတိုင်း သိရသည်။

၁။ ပတ်=ကြာသပတေးနံ ၊ ၅ ဂဏန်း (တန်ခူးလ)

၂။ သာ = သောကြာနံ၊ ၆ ဂဏန်း (ကဆုန်လ)

၃။ တံ = စနေနံ၊ ၇ ဂဏန်း (နယုန်လ)

၎။ ရှည် = ရာဟုနံ၊ ၈ ဂဏန်း (၀ါဆို)

၅။ တီး = စနေနံ၊ ၇ ဂဏန်း (၀ါခေါင်)

၆။ သံ = သောကြာနံ၊ ၆ ဂဏန်း (တော်သလင်း)

၇။ မြည် = ကြာသပတေးနံ ၅ ဂဏန်း (သီတင်းကျွတ်)

၈။ လက် = ဗုဒဟူးနံ၊ ၄ ဂဏန်း (တန်ဆောင်မုန်း)

၉။ ဆည် = အင်္ဂါနံ၊ ၃ ဂဏန်း (နတ်တော်)

၁၀။ ကန် = တနင်္လာနံ၊ ၂ ဂဏန်း (ပြာသို)

၁၁။ စာ = အင်္ဂါနံ ၃ ဂဏန်း (တပို့တွဲ)

၁၂။ ရေး = ဗုဒဟူးနံ၊ ၄ ဂဏန်း (တပေါင်း)

အထက်ပါ ဇယားအရ မည်သည့်လ၌ သင်္ချာဂဏန်း မည်မျှရှိကြောင်း သိရပြီးနောက် ဒုတိယအပိုဒ်က ``တစ်ဆယ်လောင်း´´ ဟု ညွှန်းသည့်အတိုင်း တစ်လ တစ်လ တစ်ဆယ်စီ တိုးတိုးပြီး ပေါင်းရသည်။ ဥပမာ - တန်ခူးလ၌ ရရှိသော နံသင့်ဂဏန် ၅ တွင် ၁၀ ပေါင်းသော် ၁၅ ဖြစ်လာသည်။

ဤသို့လည်း ၁၀ တိုးတိုး သွားပြီးနောက် ``ထမ်းပိုးရည်´´ ဟု ဆိုသော ကြောင့် တန်ခူးလ ၁၅ ကို တစ်ဆ တိုးလိုက်သော အခါ ၃၀ ဖြစ်လာသည်။ ဤ ၃၀ သည် တန်ခူးလ၏ နေ့ စံတော်ချိန် နာရီပေါင်း ဖြစ်သည်။ ညဥ့်သည် ``အကြွင်းဆေး´´ ဆိုသော စကားအရ နေ့စံတော်ချိန် နေ့နာရီပေါင်းမှ ကြွင်းသမျှသည် ည နာရီ ဖြစ်သည်။ ထို့ကြောင့် တန်ခူးလ၌ စံတော်ချိန်မှာ နေ့ ၃၀၊ ည ၃၀ ရှိကြောင်း သိရလေသည်။

တစ်ရက်ကို စံတော်ချိန် နာရီပေါင်း ၆၀ သတ်မှတ်ထားသည်တွင် နေ့တာ တိုရှည် လိုက်၍ နေ့၊ ည နာရီများ ခြားနား သွားပုံကို အောက်ပါ ဇယားဖြင့် သိရှိနိုင်သည်။

နေ့နာရီ ညနာရီ တစ်ရက်နာရီပေါင်း

တန်ခူး ၃၀ ၃၀ ၆၀

ကဆုန် ၃၂ ၂၈

နယုန် ၃၄ ၂၆

ဝါဆို ၃၆ ၂၄

ဝါခေါင် ၃၄ ၂၆

တော်သလင်း ၃၂ ၂၈

သီတင်းကျွတ် ၃၀ ၃၀

တန်ဆောင်မုန်း ၂၈ ၃၂

နတ်တော် ၂၆ ၃၄

ပြာသို ၂၄ ၃၆

တပို့တွဲ ၂၆ ၃၄

တပေါင်း ၂၈ ၃၂

အထက်ပါ စာရင်းကို ကြည့်လျှင် ၁၂ ရှိသည့် အနက် ၀ါဆို လသည် နေ့ ၃၆ နာရီ၊ ည ၂၄ နာရီသာ ရှိသောကြောင့် နေ့တာ အားဖြင့် အရှည်ဆုံးသောလ ညတာအားဖြင့် အတိုဆုံးသေ လဖြစ်သည်။ ပြာသိုလမှာမူ ည ၃၆ နာရီ၊ နေ့ ၂၄ နာရီသာ ရှိသောကြောင့် ညတာ အားဖြင့် အရှည်ဆုံးသောလ၊ နေ့တာအားဖြင့် အတိုဆုံး သော လဖြစ်သောကြောင့် ``နေ့ ၀ါဆို၊ ည ပြာသို´´ ဟု ဆိုစမှတ် ပြုကြလေသည်။´´

(ကျမ်းကိုး ။ ဒဂုန်ဦးစန်းငွေ၏ ကဗျာက ပေးသော ဗဟုသုတများ)



1 comment:

Anonymous said...

အခုလိုဝေမျှတာ ကျေးဇူးတင်ပါတယ်