Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

April 1, 2007

ကျနော်နှင့်အင်တာဗျူးများ(၂)

ကျနော်။ ။ “ကျနော်တို့လဲ အတွေ့အကြုံရတာပေါ့အစ်မရယ် နည်းနည်းလောက် ပြောပြပါလား”
မရွှေမ ။ ။ “ဒီလိုကွယ့် အစ်မတို့ကို ပထမဦးဆုံး မလေးရှားရဲကဖမ်းတယ် မဟုတ်လား၊ ဖမ်းပြီးတော့ ထောင်လဲ မဟုတ်ဘူးကွယ့်၊ အချုပ်ဆောင်တွေတော့ အချုပ်ဆောင်တွေဘဲ သူတို့ကတော့ camp လို့ခေါ်တာဘဲ အဲဒီကို ပို့တယ်၊ အဲဒီမှာ (၂)လလောက်ကြာတယ်၊ ကြာတယ်ဆိုတာကလဲ အစ်မအထင်တော့ သူတို့ လိုချင်တဲ့ လူအရည်အတွက် မရလို့စောင့်နေရတာဖြစ်မယ်ထင်တာဘဲ”
ကျနော် ။ ။ “နှစ်လလောက်ကြာတယ်ဆိုတော့ အစ်မတို့ အဲဒီမှာ ဘယ်လိုအစားအသောက်တွေ ကျွေးလဲ”
မရွှေမ ။ ။ “အစားအသောက်ကတော့ နံနက်ပိုင်းကျရင် ဘီစကစ်မုန့်(၄)(၅)ချပ်လောက်နဲ့ကော်ဖီခပ်ကျဲကျဲ တစ်ခွက်၊ နေ့ခင်းပိုင်းနဲ့ညပိုင်းကိုတော့ ထမင်းကျွေးတယ်၊ ထမင်း ဆိုတာကလဲကွာ သိတယ်မဟုတ်လား တို့များက သူတို့လူမျိုးတွေမှမဟုတ်တာ ဖြစ်သလိုပေါ့၊ ထမင်းဆိုရင်လဲ ခပ်မာမာ၊ ဟင်းဆိုရင်လဲ ကြက်ဥကြော် နောက်ပြီးတော့ ပင်လယ်ငါးခြောက်တွေကိုကြော်လို့တစ်မျိုး၊ ဒီလိုပါဘဲကွာ စိတ်ပျက်လို့ တစ်နေ့ တစ်နေ့ ငို နေတာနဲ့အချိန်ကုန်တာပါဘဲ”
ကျနော်။ ။ “နောက်တော့ရောဘယ်လိုဆက်ဖြစ်သလဲအစ်မ”
မရွှေမ။ ။ “အဲဒီမှာနှစ်လလောက်ကြာပြီးတော့ သူတို့လိုချင်တဲ့အရည်အတွက်ရလို့ထင်ပါတယ် ထိုင်းနဲ့မလေးရှား နယ်စပ်ကိုပို့တာပါဘဲ၊ နယ်စပ်ကိုရောက်တော့ ထိုင်းနိုင်ငံထဲရောက်ဖို့အတွက် စက်လှေစီးရသေးတယ်ကွ၊ အဲဒီ့ စက်လှေပေါ်ကလူတွေအကုန်လုံးက သေနတ်တွေနဲ့ချည်းဘဲ၊ မင်းတို့ဘဲ စဉ်စားကြည့်လေ ဒီဘက်မလေးရှား ဘက်ကမ်းမှာ ရဲတွေက စောင့်ကြည့်နေတယ်၊ လှေပေါ်မှာပါတဲ့လူတွေက သေနတ်တွေနဲ့ ထိုင်းနိုင်ငံဘက်ကို ရောက်တော့လဲ ရော်ဘာတောထဲကိုခေါ်သွားတာကွဲ့၊ သူတို့က အဲဒီရော်ဘာတော အလည်ခေါင်တည့်တည့်မှာ တန်းလျားတွေထိုးပြီးပတ်ပတ်လည်ကိုအစောင့်အကြပ်တွေနဲ့နေခိုင်းထားတာ၊ တော်သေးတာပေါ့ အစ်မမှာ မိန်းမဖော်ပါလို့ အစ်မတစ်ယောက်တည်းသာဆို မတွေးရဲစရာဘဲ၊ ဘယ်လောက်များအားငယ်လိုက်သလဲဆိုတာ စဉ်းစားသာကြည့်တော့”
ကျနော်။ ။ “အစ်မတို့ထွက်ပြေးဖို့ မကြိုးစားဘူးလားဗျ”
မရွှေမ ။ ။ “မကြိုးစားရဲပါဘူးကွယ်၊ ကိုယ့်လဲတစ်ခါမှမရောက်ဘူးတဲ့ တောခေါင်ခေါင်အလည်မှာ၊ နောက်ပြီး သူတို့တွေကလဲ သေနတ်တွေလဲရှိသေးတယ်ကွယ့်၊ အဲဒီမှာ နည်းနည်းဂျစ်ကန်ကုန်လုပ်တဲ့ယောက်ျားလေးတွေ ဆို ပါးရိုက်နားရိုက်တောင်ခံရသေးတယ်၊ အစ်မတို့ရှေ့တင်ရိုက်တာ”
ကျနော်။ ။ “သူတို့က ဘာတွေလုပ်သေးလဲဗျ”
မရွှေမ။ ။ “သူတို့ကတော့ ဘာမှတော့မလုပ်ပါဘူး၊ အစ်မတို့ကို မေးတယ်၊ မလေးရှားကို ပြန်တက်မှာလား? ဒါမှမဟုတ်မြန်မာပြည်ကို ပြန်မှာလားမေးတယ်ကွ၊ မလေးရှားကို ပြန်တက်မယ်ဆိုရင် မလေးရှားငွေ ရင်းဂစ်1000၊ မြန်မာပြည်ကိုပြန်မယ်ဆိုရင် မလေးရှားငွေ ရင်းဂစ်600 တောင်းတယ်။ အစ်မတို့မှာ ဘယ်က အဲဒီလောက်ပိုက်ဆံရှိမလဲကွ၊ ကိုယ်တွေက မလေးရှားမှာ Over Stay နဲ့နေပြီးရဲဖမ်းခံရလို့ ဒီကိုရောက်လာ တာပါလို့ပြန်ပြောကြတာပေါ့”
ကျနော်။ ။ “အဲဒီတော့ သူတို့က ဘာမှထပ်မပြောဘူးလား”
မရွေမ။ ။ “ပြောတာပေါ့၊ မင်းတို့ ပြန်တက်ချင်တက် မတက်ချင်လို့ မြန်မာပြည်ပြန်မယ်ဆိုရင်လဲ ဒီအတိုင်း အလကားတော့ ပေးမပြန်နိုင်ဘူး ငါတို့ ရာဘာခြံမှာ (၆)လ အလုပ်လုပ်ပေးပြီးမှ ပြန်ပို့ပေးမယ် မင်းတို့ကို အလားကားခေါ်လာတာမဟုတ်ဘူး လို့ပြောတယ်”
ကျနော်။ ။ “ဒါဆို သူတို့က သူတို့ဆီမှာ အလကား အလုပ်လုပ်ပေးချင်ရင်လုပ်ပေး၊ ဒါမှမဟုတ်မလေးရှား(သို့) မြန်မာပြည် ပြန်ချင်ရင် ပိုက်ဆံပေး အဲဒီလိုသဘောမျိုးပေါ့နော်”
မရွှေမ။ ။ “အေးပေါ့၊ အဲဒါနဲ့အစ်မတို့လဲ ကြံရာမရဖြစ်ပြီး မလေးရှားမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်း အပေါင်း အသင်းတွေဆီဖုန်းဆက် ပိုက်ဆံချီးငှားပြီး မလေးရှားကိုဘဲ ပြန်တက်လာရတာပါဘဲ”
ကျနော်။ ။ “အစ်မ မြန်မာပြည်ပြန်ဖို့ စိတ်ကူးမရဘူးလား”
မရွှေမ။ ။ “သူတို့က ပိုက်ဆံပေးမှ လိုက်ပို့ပေးမှာလေ၊ အဲဒီလောက်ပိုက်ဆံ မြန်မာပြည်ကလူတွေကို ဘယ်လို အပူကပ်ရမယ်မှန်းမသိတာနဲ့မလေးရှားကိုဘဲပြန်တက်လာတာ”
ကျနော်။ ။ “တယ်လီဖုန်းကျတော့ သူတို့ပေးဆက်တယ်နော်”
မရွှေမ။ ။ “တစ်ကယ်ပြန်တက်မယ်သေချာရင် သူတို့က ဖုန်းပေးဆက်ပါတယ်၊ နောက်ပြီး အဲဒီ့ပိုက်ဆံကို ပြန်တောင်းတာပေါ့”
ကျနော်။ ။ “အစ်မဘယ်လိုပြန်ရောက်လာလဲ”
မရွှေမ။ ။ “အစ်မလဲ မိတ်ဆွေအပေါင်းအသင်းတွေဆီဖုန်းဆက်၊ အပေါင်းအသင်းတွေကလဲ ဒီလိုဖြစ်တယ်ကြားတော့ မနေနိုင်ကြပါဘူး တစ်ယောက်တစ်လက်နဲ့ကူညီကြတာပါဘဲ၊ အဲဒါနဲ့သူတို့ကို ပြောပြတော့၊ သူတို့က လာခဲ့တဲ့ စက်လှေတွေနဲ့ဘဲညဘက်မှာ မလေးရှားကို ပြန်ကူး၊ ညတွင်းချင်းဘဲ ဗင်ကားနဲ့ အစ်မလို မလေးရှားပြန်တက်မယ့်သူတွေ (၆)ယောက်လောက်ကို နောက်ခန်းထဲမှာ ပြွတ်သိပ်ကျပ်ညပ်နေ အောင်တင်ပြီး မောင်းလာတာပါဘဲကွာ၊ အစ်မတို့လဲ မှောင်နဲ့မည်းမည်း ဘယ်မှ မမြင်ရပါဘူး။ ဒီလိုနဲ့ KL ကိုရောက်၊ KL ကိုရောက်တော့လဲ အစ်မတို့ကို ပိုက်ဆံပေးမှ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တာ”
ကျနော်။ ။ “အစ်မတို့ မလေးရှားပြန်ရောက်တဲ့အခါမှာ သက်ဆိုင်ရာကို အဲဒီကိစ္စကို မတိုင်ဘူးလား”
မရွှေမ။ ။ “တိုင်တော့ကောဘာထူးမှာလဲ ငါ့မောင်တို့ရယ်၊ ကိုယ်က မတိုင်ခင် သူတို့က ကိုယ့်ကို အရင်လာ သတ်သွားမှာလဲ ကြောက်ရသေးတယ်လေ”
ကျနော်။ ။ “အခုရော အစ်မ အဆင်ပြေသွားပြီလား”
မရွှေမ။ ။“ဒီလိုပါဘဲ မောင်လေးရယ်၊ ချီးငှားထားတဲ့ငွေကို နှစ်လ၊ သုံးလလောက် အလုပ်လုပ်ပြီး ပြန်ဆပ်ရတာ ဘဲ၊ အခုတော့ အစ်မ အဆင်ပြေနေပါပြီ၊ ဒီက နိုင်ငံသားတရုတ်အမျိုးသားနဲ့အိမ်ထောင်ကျနေပြီလေ”
ကျနော်။ ။ “အဆင်ပြေနေတယ်ကြားရတာဝမ်းသာပါတယ်အစ်မရယ်”
မရွှေမ။ ။ “ကဲ စကားကောင်းနေလိုက်တာ အစ်မလဲ အလုပ်လေးတွေရှိနေလို့ သွားလိုက်ဦးမယ်၊ နောက်လဲ ကြုံရင်ဒီဆိုင်မှာလာအားပေးဦးနော်”
ကျနော်။ ။ “ ဟုတ်ကဲ့ပါ အစ်မ၊ ကျနော်တို့လဲ သွားလိုက်ပါဦးမယ်”

March 18, 2007

ကျနော်နှင့်အင်တာဗျူးများ

ကျနော်..တစ်နေရာရာရောက်တိုင်းပတ်ဝန်းကျင်ကို လေ့လာဖြစ်စမြဲပါ...ဘာဖြစ်လို့လဲဆိုတော့..ကျနော်တို့အလုပ်လာလုပ်နေတာက..နိုင်ငံရပ်ခြား၊ လူမျိုးခြား၊ ဘာသာစကားခြားနားတဲ့နေရာပါ..
ပတ်ဝန်းကျင်ကိုအမြဲလိုလိုစောင့်ကြည့်လေ့လာနေမှကိုယ့်အတွက် တော်တော်တန်တန် အန္တရာယ်လောက်တော့..ရှောင်ကွင်းနိုင်မှာမဟုတ်လားခင်ဗျာ.....
တစ်ခါတုန်းက..တရုတ်စားသောက်ဆိုင်တစ်ခုကိုရောက်တုန်း..အဲဒီမှာ...ကျနော့်ရယ်..ကျနော့်သူငယ်ချင်းရယ် အစားအသောက်မှာမလို့..စဉ်းစားနေရင်း (ဘာမှာလို့..မှာရမှန်းမသိဖြစ်နေတာ)..ကိုယ့်အချင်းချင်းမြန်မာလိုပြောကြတော့.. ဘေးနားမှာရပ်စောင့်နေတဲ့..တရုတ်မ(အစကတော့...တကယ့်တရုတ်မထင်နေတာ..သူ့ကလည်း..ရှမ်းတရုတ်စပ်ထင်သည် အသားအရည်က ဖြူစပ်စပ်နှင့်တရုတ်လိုလဲလည်လည်ပတ်ပတ်ပြောနိုင်သည်)
“မောင်လေးတို့ဘာစား ချင်တာလဲ”ထမေးတော့မှ..ဟ..
“ရွှေဘဲ”ဟ(ရွှေဘဲဆိုလို့ မန္တလေးက..“ရွှေဘဲ” စားသောက်ဆိုင်မဟုတ်ပါဘူး “မြန်မာအချင်းချင်း”ကို ဆိုလိုခြင်းဖြစ်ပါတယ်..)ဆိုပြီး..
“အစ်မရယ်..ကျနော်တို့ မမှာတတ်လို့ပါ..ထမင်းနဲ့ဟင်း ရရင်ဖြစ်ပါတယ်”လိုဆိုတာ့ အဲဒီ...“မရွှေမ”(နာမည်လွှဲထားခြင်းဖြစ်ပါတယ်..) ကဘဲ..ဘယ်အမျိုးအစားက ဘယ်ဈေး...
ဘယ်ဟင်းကတော့..ဘယ်ဈေးဆိုပြီး တန်၏..မတန်၏သူမကိုယ်တိုင်ဆုံးဖြတ်ပြီး...ထမင်းနဲ့ဟင်းကို...
၎င်းကိုယ်တိုင်ဘဲ..မှာကြားပေးပါတယ်...အဲဒီမှာ..ကျနော်ရဲ့စပ်စုလိုစိတ်က..တဖွားဖွားဖြစ်လာပြီး..ကျနော့်သူငယ်ချင်းတားမြစ်နေသည့်ကြားမှ “မရွှေမ”ကို..ကျနော့်အင်တာဗျူးပါတော့တယ်(ဗျူးလို့ဗျူးမှန်းမသိအောင်တော့ နည်းနည်းစကားကိုဆင်ခြင်ရတာပေါ့ခင်ဗျာ...)
ကျနော်။ ။ “အစ်မ..မလေးရှားကိုရောက်နေတာကြာပြီလား”
မရွှေမ။ ။ “သိပ်မကြာသေးဘူးမောင်လေးရဲ့(၁)နှစ်ကျော်ကျော်လောက်ဘဲ..ရှိသေးတယ်”
ကျနော်။ ။ “အပေါ်လမ်းကလာတာဘဲလားအစ်မ”
(အပေါ်လမ်းကဆိုသည်မှာတရားဝင်အလုပ်လာရောက်လုပ်ကိုင်ခြင်းကိုဆိုလိုခြင်းဖြစ်ပြီး..
တရားမ၀င်ကိုတော့ အောက်လမ်းကလို့ပြောကြတယ်..)
မရွှေမ။ ။ “မဟုတ်ဘူးမောင်လေးရေ...ထိုင်းကနေတဆင့်လာတာ..ထိုင်းကိုတော့တရားဝင်..ပေါ့”
(သူကတော့ နည်းနည်းပွင့်လင်းပုံရသည်..တစ်ချို့များကြတော့ တရားဝင်မဟုတ်သော်လည်း..သူများမေးလျှင် တရားဝင်ပါဟု..ပြောချင်ပြောတတ်ကြသည်...ဘာဖြစ်လို့လဲတော့မသိ..)စကားပြောနေရင်းကနေတခြား
ဝိုင်းများက အော်ဒါမှာပိုက်ဆံရှင်းကိုလဲ..ပြေးလုပ်ရသေးသည်။ သူ့ခမျာလည်း..ရွှေမြန်မာလို..မပြောရသည်မှာ ကြာပြီဖြစ်သဖြင့်..တော်တော်လေးကျနော်တို့နှင့်စကားလက်ဆုံကျချင်ပုံရသည်.။
ကျနော်။ ။ “ဟ..အစ်မက..တော်တော်လေးသတ္တိရှိတာဘဲဗျ”..ဒီမှာ...ဒီလောက်အဖမ်းအဆီးများနေတဲ့ဟာ.. ဘယ်လို..နေသလဲဗျ..”
မရွှေမ။ ။ “ဒီလိုဘဲပေါ့..မောင်လေးတို့ရယ်..ဖမ်းတော့လဲ..လိုက်သွားရုံဘဲပေါ့..ဘာများတတ်နိုင်မှာတုန်း”
ကျနော်။ ။ “ဒါဆို..အစ်မတစ်ခါမှ..အဖမ်းမခံရသေးဘူးပေါ့နော်..”
မရွှေမ။ ။ “တစ်ခါ..အဖမ်းခံရပြီးပါပြီ..ဒီလိုဘဲ..ပြန်တက်လာတာပါဘဲ”..
ကျနော်။ ။ “ဟ..လွယ်လှချည်လား..အစ်မရယ်..ဒါနဲ့ဖမ်းပြီးတော့..သူတို့က..ဘယ်ကိုပို့တာလဲဗျ..”
မရွှေမ။ ။ “ထိုင်းနယ်စပ်ကိုပြန်ပို့တာဘဲ”
ကျနော်။ ။ “ဒီကရဲတွေက..ဖမ်းပြီး..ဒီလိုထိုင်းကိုသွားပို့နေကြဘဲလားအစ်မ”
မရွှေမ။ ။ “ဟုတ်တယ်လေ...ထိုင်းနိုင်ငံထဲအထိတော့မဟုတ်ပါဘူး..ထိုင်းနဲ့မလေးရှားနယ်စပ်နေရာလေးပါ”
ကျနော်။ ။ “ဘာလဲ..အစ်မတို့က..ထိုင်းနယ်စပ်ကလာလို့..ထိုင်းနယ်ထဲကိုပြန်ပို့တာလား..ဟိုမှာ..တရားဝင် ထိုင်းအာဏာပိုင်တွေလက်ထဲကို..ပြန်လွှဲပေးတာလား.”
မရွှေမ။ ။ “မဟုတ်ပါဘူးကွယ်...ဟိုမှာ..လူပွဲစားတွေရှိတယ်ကွယ့်”
ကျနော်။ ။ “ဗျာ...လူပွဲစား..ဟုတ်လား..အစ်မ..ဘယ်လို..ဘယ်လို..ကျနော်..နားမရှင်းလို့”
မရွှေမ။ ။ “ဒီလိုလေ..မောင်လေးရယ်..သူတို့က..ထိုင်းအာဏာပိုင်တွေ..မသိအောင်..ထိုင်းနယ်စပ်ထဲကို..သွားပို့တာ မဟုတ်လား..အဲဒီမှာ..သူတို့နဲ့ဆိုင်ရာဆိုင်ရာလူတွေနဲ့ပေါင်းပြီး..လုပ်စားကြတယ်ထင်တာဘဲ..”
ကျနော်။ ။ “လုပ်စားကြတယ်...ဟုတ်လားအစ်မ..ဘယ်လိုများ..လုပ်စားကြတာတုန်း..”
မရွှေမ။ ။ “အစ်မတို့..နယ်စပ်ကိုရောက်သွားတော့မှောင်ရီဖြိုးဖျအချိန်လေးကွယ့်...ရောက်တာနဲ့..ကားတစ်စီးပေါ်ချက်ချင်းတက်ခိုင်းပြီး..တစ်နာရီလောက်မောင်းသွားတာနဲ့..အဆောက်အဦးတစ်ခုထဲမှာ နေခိုင်း.လိုက်တာပါဘဲ..နောက်တစ်နေ့..မနက်ကျတော့..လူအကုန်လုံးကိုလိုက်မေး..ဘယ်သွားမှာလဲ..မလေးရှားပြန်သွားချင်လား..ဒါမှမဟုတ်..မြန်မာပြည်ကိုပြန်ချင်လားပေါ့..”
ကျနော်။ ။ “မြန်မာစကားတတ်တဲ့လူ..ရှိတာဘဲလား..အစ်မ”
မရွှေမ။ ။ “အကုန်မြန်မာတွေချည်းဘဲကွယ့်”..
ကျနော်။ ။ “ကိုယ့်မြန်မာအချင်းချင်း..ဒီလိုလုပ်ရသလားအစ်မရယ်”...
မရွှေမ။ ။ “ဘာလဲ..မင်းတို့က..အစ်မပြောတာ..မယုံလို့လား...မယုံရင်..မင်းတို့..မြန်မာပြည်ပြန်ရင်အောက်လမ်းကနေပြန်ကြည့်လေ..”
ဆက်ပါဦးမည်.........