December 27, 2007

ရောက်တတ်ရာရာလေးများ(၃၇)

ပြန်ရောက်ကတည်းက ပို့စ်လေး ချောက်တီးချောက်ချက် တင်လိုက်၊ အင်တာနက်လေး နည်းနည်း သုံးလိုက်နဲ့ အလုပ်တွေများလာလိုက်၊ လုံးလည် ချာလည်လိုက်နေတာ အရင်တုန်းကလို့ ဘလော့တော်တော် များများကို မရောက် ဖြစ်တော့ဘူး။ နဂိုကတည်းကမှ သတင်းတွေ (အတင်းတွေလည်း ပါတာပေါ့) သိချင်၊ ဖတ်ချင်ရင် ဘလော့တွေနဲ့ အင်တာနက်ကို အားကိုးနေရတာဆိုတော့ ဘလော့မဖတ်၊ အင်တာနက် မသုံးဖြစ်တော့ လောကကြီးနဲ့ နည်းနည်းလေး အဆက်အသွယ်ပျက်သွားတယ်။ စာအုပ်တွေ၊ ဂျာနယ်တွေ ဖတ်ချင်ရင် Kuala lumpur ကို သွားဝယ်ရတာကိုး၊ ကိုယ်နေတဲ့ နေရာက KL တော့ KL ဘဲ ဒါပေမယ့် မြို့လယ်ခေါင် မဟုတ် ဘူးလေ၊ မြန်မာဆိုင် တော်တော်များများက မြို့လယ်ခေါင်မှာ ရှိတာဆိုတော့ တော်ရုံတန်ရုံ အကြောင်းကိစ္စ မရှိရင် မြို့ထဲကို မသွားဖြစ်ဘူး။ အလုပ်လုပ်တဲ့နေရာဖြစ်တဲ့ Seri Sentosa ပါတ်ဝန်းကျင်မှာဘဲ အနေများတော့ ``၀ါလုံးခေါင်းထဲ လသာနေသလို´´ အတွေးတွေလဲ အကျဉ်းကျ နေတော့တာပေါ့၊ ဘာမှမသိ၊ ဘာမှမတွေး၊ ဘာဘလော့်ခ် ပို့စ်မှလဲ မရေးနိုင်ဘူး ဖြစ်နေတယ်။

မနေ့ကတော့ အချိန်အားလေး နည်းနည်းရတာနဲ့ အင်တာနက်သုံး၊ ဘလော့ခ်တွေ လိုက်ဖတ်နဲ့စိတ်အဆာ နည်းနည်းပြေ သွားတယ်ဗျ၊ မြန်မာပြည်ရဲ့ အကြောင်းတွေကို တော်တော်များများလဲ သိလိုက်ရတယ်။ ဒါပေမယ့်ဗျာ စိတ်ထဲမှာ လုံးဝ ဘ၀င်မကျနိုင်ဘူးဖြစ်နေတယ်။ ဖတ်မိတဲ့ ဘလော့ပိုင်ရှင်တွေက ဘယ်သူ ဘယ်ဝါ တွေမှန်းတော့ ကျနော် မသိပါ။(ဘလော့နာမည်တွေတော့မဖော်ပြတော့ပါဘူး) ရေးထားတဲ့ အရေးအသား၊ လေယူလေသိမ်း တွေကတော့ ``ကိုမျိုးချစ်´´ တွေပါဘဲ။ ဒါပေမယ့် ``အမှန်ကိုအမှန်အတိုင်း´´၊ ``အရှိကိုအရှိအတိုင်း´´ ဘာဖြစ်လို့များ မရေးကြသလဲ ဆိုတာကိုတော့ ကျနော် စဉ်းစားလို့ မရနိုင် လောက်အောင်ပါဘဲ။(အမှန်ကိုဖုံးကွယ်ချင်လို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့။) လွန်ခဲ့တဲ့ August လကုန်ပိုင်းလောက်က ကျနော် မြန်မာပြည်ကို အကြောင်းကြောင်းတွေကြောင့် ခေတ္တပြန်ဖြစ်တယ်၊ ပြီးတော့ November လကုန်ပိုင်းမှ မလေးရှားကို ပြန်ရောက်တယ်ဆိုတာ ကျနော့်နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက အပေါင်းအသင်းများလဲ သိကြပြီးဖြစ်မှာပါ။ ဆိုလိုတာက ကျနော် ပြီးခဲ့တဲ့ စက်တင်ဘာလ ``အရေးအခင်း´´ (``အရေးအခင်း´´လို့ ကျနော် မသုံးနှုန်းချင်ပါ၊ ``သံဃာတော်များ ကံဆောင်ပွဲ´´လို့ သုံးနှုန်းပါရစေ။ ၄င်းတို့ နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ ``အရေးအခင်း´´လို့ သုံးချင်သုံးလိမ်မယ်။ သူတို့က ``သူတို့အသိုင်း အ၀ိုင်း´´ က လွဲရင် ကျန်တဲ့သူကို ``လူကောင်း´´ လို့မှ မမြင်တာဗျ။) ကို မျက်မြင်ဒိတ္ထ၊ ကြား၊ သိ၊ မြင်၊ တွေ့ ခဲ့ရတယ် ဆိုပါတော့။

ကျနော်နဲ့အတူ ပြည်တွင်းက နာမည်ကြီး ဘလော့ခ်ဂါ အချို့လဲ မြင်၊ တွေ့၊ ကြား၊ သိ ကြပါတယ်။ သူတို့ ရင်ထဲမှာ မခံမရပ်နိုင်လောက်အောင် ကျနော်နဲ့ ထပ်တူ ခံစားရမယ်မှန်းလဲ ကျနော် သိနေပါတယ်။ ဒါပေမယ့် ``နီးရာဓါးကို ကြောက်တယ်´´ ဆိုသလို ``သေနတ်ကိုင် အုပ်ချုပ်ခံနေရတဲ့´´ ဘ၀မှာ ဘယ်သူတွေကရော ``အမှန်ကို အမှန်အတိုင်း´´ ထုတ်ဖော်ရေးသားဝံ့မှာလဲ၊ ၄င်းတို့ရဲ့ မီဒီယာများကသာ ``တိုက်ပွဲတစ်ခု´´ အသွင်နဲ့ ရေးသားထားလိုက်ကြတာများဗျာ လိမ်ဆင်တွေချည်းဘဲခင်ဗျ။ ကျနော် ဓါတ်ပုံတော်တော်များများနဲ့ ဗီဒီယိုလည်း ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းက ပြန်အထွက်မှာ ``အကြောင်းအပေါင်းမသင့်ရင်´´ အဖမ်းခံရမှာ စိုးရိမ်တာနဲ့ မြန်မာပြည်မှာဘဲ ထားခဲ့လိုက်တော့တယ်။ Free Hosting Site တစ်ခုခု မှာ တင်ဖို့ ကြိုးစားသော်လဲ ထိုအချိန် မြန်မာပြည်က အင်တာနက် ကွန်နက်ရှင်ကို နှုတ်ပိတ်ထားတဲ့ အချိန်ဖြစ်နေ လေတော့ ဘာအစာမှ သွပ်လို့ မရဘူးပေါ့။

အဲဒီ့နေ့က ကျနော်နဲ့ ဘလော့ခ်ဂါ အပေါင်းအသင်းတစ်ချို့ ``သံဃာတော်များ ကံဆောင်ပွဲ´´ အား ကိုယ်တိုင် မျက်မြင်ကြုံတွေ့ချင်ကြတာနဲ့ ဆူးလေဘုရားလမ်းပေါ်က လဘက်ရည်ဆိုင်မှာ ထိုင်နေကြတုန်း၊ သမ္မတ ရုပ်ရှင်ရုံဘက်ကနေ ဆူးလေဘုရားဆီသို့ ဦးတည်ပြီး သံဃာတော်များ စီတန်း ကြွချီလာတယ်ခင်ဗျ။ ကြွချီရာ လမ်းတစ်လျှောက်မှာလဲ မေတ္တာပို့သံတွေချည်းဘဲဗျာ။ ထိုမေတ္တာပို့သံတွေကို ကြားလိုက်ရတဲ့ ကျနော်ရဲ့ ရင်ထဲမှာ မဖော်ပြတတ်တဲ့ ခံစားမှုတစ်ခု ခံစားလိုက်ရပြီး ရင်ထဲမှာဆို့လှိုက်မောလို့ မျက်ရည်တွေ တွင်တွင်ကျမိတယ်။ ``အော် ဘုရား သားတော်များက ဒကာ၊ ဒကာမတွေ ခံစားနေရတဲ့ ``ဘ၀ဆိုး၊ ဆင်းရဲဒုက္ခဆိုး´´ တွေကို မျက်ကွယ် မပြုပါလား ဆိုတဲ့´´ အသိတရားက ကျနော့်ကို မျက်ရည်တွင်တွင် ကျစေပါတယ်။ လမ်းဘေးဝဲယာမှလည်း ပြည်သူအများ က လက်စုံမိုးပြီး သံဃာတော်တွေကို ရှိခိုးပူဇော်နေလိုက်ကြတာဗျာ။ တစ်ချို့ဆိုရင် ကျနော့်လိုဘဲ မျက်ရည်တွေ တွင်တွင်ကျလို့ ငိုနေကြတယ်။ အင်းပေါ့လေ ရင်ထဲက ``ဘ၀အပူတွေ´´ဟာ အေးချမ်းတဲ့ ``မေတ္တတရား´´နဲ့ ရုတ်တရက် ထိအတွေ့မှာ လှိုက်ခနဲ ခံစားလိုက်ရတော့ ခံစားမှုအရှိန်က မျက်ရည်အသွင်ကူးပြောင်းသွားတာ လို့ ထင်ပါတယ်။ တစ်ချို့သော လူများကလဲ သံဃာတော်များကို ၀န်းရံလို့ သံဃာတော်များ ကြွချီရာ လမ်းတစ်လျှောက် အချင်းချင်း လက်တွဲပြီး မေတ္တာပို့သံ တွေကို လိုက်ဆိုနေကြတယ်။ ၄င်းတို့ရဲ့ ဦးတည်ရာ အရပ်က ``ဆူးလေ´´ စေတီတော်မြတ်ကြီးဆီသို့၊ ``ဘုရားရှင်တော်မြတ်ရှေ့မှာ´´ ပြည်သူတွေအတွက် ဆုတောင်းပတ္ထနာ ပြုမလို့ထင်ပါ့ဗျာ။ ဒါပေမယ့် ဒီ ``မေတ္တာပို့ ကံဆောင်ပွဲ´´ကို ကြည့်မရတဲ့၊ ``အာဏာလက်လွှက်´´မှာ စိုးရိမ်တဲ့ ``ခေါင်းဆောင်ကြီးအချို့´´ရဲ့ အမျိုးမျိုးသော ``၀ါဒမှိုင်း´´တိုက်မှုကို ခံထားရတဲ့ စစ်သားနဲ့ရဲတွေဟာ တစ်သက်လုံးက ကိုးကွယ်လာခဲ့သော ``ဘုရားသားတော် ရဟန်းတော်´´ များကိုတောင်မှ ``အစစ်မမြင်၊ အတု´´ ထင်ကြသတဲ့ကွယ်။ ``အတုနဲ့အစစ်´´ဆိုတာ အင်မတန်မှ ခွဲခြားရလွယ်ကူပါတယ်။ ``အတု´´ ဘယ်လောက် များများ ``စစ်မှန်မှု´´ ဆိုတဲ့ အမှန်တရားကိုတော့ ဖုံးကွယ်လို့မရစကောင်းပါဘူး။ မှိုင်းမိနေတဲ့ လူအချို့ ကတော့ ခွဲခြားသိမြင်တတ်တဲ့ အသိတရားပျောက်ဆုံးပြီး ``ရဟန်းတော်စင်စစ်´´ တွေကို ရက်ရက်စက်စက် ပြုမူဆက်ဆံခဲ့ကြပါတယ်။ သံဃာတော်များရဲ့ ``သွေးမြေကျ´´ ခဲ့ရတယ် ဆိုပါတော့ဗျာ။

``သံဃာတော်များ ကံဆောင်ပွဲ´´ ကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့ပုံနဲ့ပါတ်သက်လို့ နိုင်ငံတကာကရော၊ ပြည်တွင်းက လူအများပါ ``အစိုးရ´´ဘယ်လောက် ရက်စက်တယ်ဆိုတာ သိကြတယ်၊ တွေ့ကြတယ်၊ မြင်ကြတယ်။ ဝေဖန်တယ်၊ ရှုံ့ချပြစ်တင်တယ်၊ ပိတ်ဆို့အရေးယူတယ်။ ဒီလိုအပြုအမှုတွေကို အများက ``မတရားမှု´´လို့ မြင်နေကြတဲ့ အချိန်မှာမှ ``မောင်မင်းကြီးသား´´တို့က ဘာဖြစ်လို့ ``တရား´´တယ်လို့ ထင်နေ ကြသတုန်းဆိုတာ ကျနော်မေးပါရစေ။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းလိုတဲ့၊ ရည်မှန်းချက်ကြီးကြီးမားမား ရှိကြတဲ့၊ နိုင်ငံကိုတိုးတက်အောင် ကြံဆောင်လိုတဲ့ ``မောင်မင်းကြီးသား´´ များရဲ့ စိတ်အတွေးသဏ္ဍာန်မှာ ``လူတွေကို သေနတ်ပြ´´ အုပ်ချုပ်မှ မိမိတို့ တိုင်းပြည် အဆင့်အတန်းမြင့်တယ်လို့ ထင်မြင်ယူဆထားကြ ပါသလား။ အခုနေ အချိန်အခါမှာ မိမိတို့တိုင်းပြည်ရဲ့ အဆင့်အတန်းကို အခြားနိုင်ငံများနဲ့ယှဉ်လို့ ``တိုးတက်မှု ပုံသဏ္ဍာန်´´ ချင်းနှိုင်းယှဉ်ကြည့်လိုက်ပါဦး။ အဖက်ဖက်က ``ယိုယွင်း´´ နေပြီလို့ ပြောရင် ``မောင်မင်းကြီးသား´´ များက ``အနောက်အားကိုး ပုဆိန်ရိုး´´လို့ သမှုတ်ကြဦးမယ်။ ဒါကိုတောင်မှ နိုင်ငံတကာ အသိုင်းအ၀ိုင်းအလည်မှာ ဒီ ``ကံဆောင်ပွဲ´´ကြောင့် ``မြန်မာလူမျိုး´´ အရှက်ရလေဟန် လေသံပစ် လိုက်ကြသေးတယ်။ ``ကံဆောင်ပွဲ´´ ကြောင့် ``လူမျိုး´´ ဂုဏ်သိက္ခာ ကျတာလား၊ ``ကံဆောင်ပွဲ´´ ကို ရက်ရက်စက်စက် နှိမ်နှင်းတဲ့ ``အစိုးရ´´ရဲ့ အရေးယူဆောင်ရွက်မှုကြောင့် ``ဂုဏ်သိက္ခာ´´ ကျတာလား ဆိုတာကို သေသေချာချာ ပြန်လည်ဝေဖန် ဆန်းစစ်လိုက်ရင် ``လယ်ပြင်မှာ ဆင်သွားသလို´´ အဖြေက ရှင်းနေတာဘဲ။

ရင်ထဲမှာ မချိတင်ကဲ ဖြစ်လွန်းလို့သာ ဒီစာကို ရေးရတယ်။ အမှန်ကတော့ ``ကိုယ့်ပေါင် ကိုယ်လှန်ထောင်း´´ သလိုဘဲ။ သူတို့လဲ မြန်မာလူမျိုး၊ ကိုယ်လဲ မြန်မာလူမျိုး၊ ဒီလို အမျိုးဘာသာ မကွဲပြား မခြားနားတဲ့ ကိုယ့်လူမျိုး အချင်းချင်း ကိုယ်တောင် ``မြေတောင်မြှောက်´´ မပေးဘဲ၊ ဘာဖြစ်လို့ မြေကြီးထဲ သွင်းချင် နေရတာတုန်းလို့ စဉ်းစားကြည့်ရင်၊ ``အာဏာ´´ လက်ကိုင်ထားလိုမှုကြောင့်ဆိုတာ ဘယ်သူမှ ငြင်းလို့မရအောင် ထင်ရှားနေ တာဘဲဗျာ။ အာဏာလက်ကိုင်ထားလိုမှုက စေ့စော်လာတဲ့ အတွေးတွေ မှားယွင်းနေလေတော့။ ပြုမှုလုပ်ဆောင် မှုကလည်း``ရုန့်ရင်းကြမ်းတမ်း´´တာပေါ့ခင်ဗျာ။``ပြည်သူတွေအတွက်ဝမ်းစာဖူလုံမှု´´၊``သက်ရွယ်ကြီးရင့်သူ တွေ ရဲ့ဘ၀နေထိုင်စောင့်ရှောက်ရေး´´၊``နောင်အနာဂါတ်တိုင်းပြည်ကိုတိုးတက်အောင် စီမံဆောင်ရွက် လိုကြတဲ့ လူငယ်တွေရဲ့ အရေး´´ ကို ဖြေတွေးပြီး ``မိမိတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်´´ တည်မြဲအောင် ကြံဆောင်သလို၊``အမျိုးသားကောင်းစားရေး´´(အမျိုးကောင်းစားရေးမဟုတ်)နဲ့``ပြည်သူ့ဝမ်းစာ ဖူလုံရေး´´ စင်စစ် ကိုသာ လုပ်ဆောင်မယ်ဆိုရင် ``အဘယ်သို့သော ပြည်သူကရော ဒီလိုအစိုးရကို အာဏာ လက်လွှတ် စေချင်ပါ့မလဲခင်ဗျာ´´......။



No comments: