February 19, 2008

ဒေါက်တာ စင်သီယာမောင် (သို့) အရိပ်ကောင်းသော သစ်ပင်(၃)

ညီအစ်ကို မောင်နှမ

ဒေါက်တော စင်သီယာမောင်တို့မှာ ညီအစ်ကို မောင်နှမ (၇)ယောက် ရှိပါတယ်။ အကြီးလေးယောက်က မိန်းခလေးများ ဖြစ်ကြပြီး၊ အငယ် သုံးယောက်ကတော့ယောက်ျားလေးများ ဖြစ်ကြပါတယ်။ ဒေါက်တာ စင်သီယာမောင် ကတော့ မန်းငြိမ်းမောင်နဲ့ နမ့်လှကြည်တို့ရဲ့ တတိယမြောက် သမီး ဖြစ်ပါတယ်။ အမှန်တစ်ကယ် ကတော့ မန်းငြိမ်းမောင်နဲ့ နမ့်လှကြည့်တို့မျာ သားသမီး ရှစ်ယောက် မွေးဖွားခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ သားဦး ယောက်ျားလေးဟာ မွေးပြီးစ မှာဘဲ ချက်ကြိုးဖြတ်တဲ့ ၀ါးနှီးစက မသန့်စင်တဲ့အတွက် ပိုးဝင်ပြီး သေဆုံးခဲ့ရရှာပါတယ်။ ဒါကြောင့်လည်း စင်သီယာမောင်တို့ မောင်နှမတွေကို အရေအတွက် အားဖြင့် ခုနှစ်ယောက်လို့ ပြောခဲ့ရတာဖြစ်ပါတယ်။ အမည်နာမ အနေနဲ့ကတော့ ကြီးစဉ်ငယ်လိုက် ဖော်ပြရရင် နန့်လားရှာ၊ နန့်ဖန်းဃှီ၊ စင်သီယာမောင်၊ နန့်ရှာထူးဝေါ်၊ စလုံ့မုံ၊ ဒေါက်တော ရှီးရှို၊ စစေးမံ တို့ ဖြစ်ပါတယ်။ ဒေါက်တာ စင်သီယာမောင်တို့ ညီအစ်ကို မောင်နှမ တစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ကြီး တစ်နှစ်ငယ်တွေ ဖြစ်ကြတဲ့ အတွက် အကြီးက အငယ်ကို ထိန်းကြောင်း ပြုစုပေးရင်း အရွယ်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရင်းနှီးချင်ခင်မှု ရှိကြသလို လေးစားသမှုလည်း ရှိခဲ့ကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒေါက်တာ စင်သီယာမောင်နှင့် မိသားစုဝင်များ


ဒေါက်တာ စင်သီယာမောင် ၏ ကလေးဘဝ

သူမကို သူမ၏ ဖခင်ဖြစ်သူ မန်းငြိမ်းမောင် လက်ထောက် ကျန်းမာရေးမှူး သင်တန်း တက်နေတဲ့အချိန်မျာ မိခင်ဖြစ်သူ နမ့်လှကြည်က အင်းစိန်ပြည်သူ့ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမ မွေးဖွားပြီး သိပ်မကြာခင်မှာပဲ ဖခင်ဖြစ်သူ မန်းငြိမ်းမောင်ဟာ လက်ထောက် ကျန်းမာရေးမှူးအဖြစ် သူတာဝန်ကျတဲ့ ရေနံချောင်းမြို့ကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် သူမဟာ မိဘများနှင့်အတူ ရေနံချောင်းမြို့ကို လိုက်ပါ သွားခဲ့ရပါတယ်။ နောက်တစ်ကြိမ် သူမ ဖခင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာကတော့ သရက်မြို့ပါ။ ဒါပေမယ့် အဲဒီ့အချိန်မှာ သူမက သိပ်ငယ်သေးတော့ အာရုံထဲမှာ စွဲစွဲထင်ထင် ဘာမှမကျန်ခဲ့ပါဘူး။ ဖခင် မန်းငြိမ်းမောင် မော်လမြိုင်မြို့ကို ပြောင်းရတဲ့ အချိန်ရောက်မှ အဲဒီ့အချိန်မှာ အသက်သုံးလေးနှစ် သမီးအရွယ် ရောက်နေပြီဖြစ်တဲ့ သူမဟာ ဘ၀စတင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျောင်းနေရမယ့် အရွယ် ရောက်လာတဲ့အခါမှာ သူမဟာ မော်လမြိုင် အ.ထ.က (၄)မှာ သူငယ်တန်းစပြီး တက်ခဲ့ပါတယ်။ ဖခင်က ကျေးလက် ကျန်းမာရေးမှူးဆိုတော့ သုံးလ တစ်ကြိမ် လေးလတစ်ကြိမ် သူတာဝန်ကျတဲ့ ကျေးရွာတွေကို ဆင်းပြီး ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေ လုပ်ပေးရပြီး၊ တစ်ခါ ခရီးထွက်လျှင် တစ်လ ကိုးသီတင်းလောက် ကြာတတ်တော့ သူမတို့ မောင်နှမတွေကို အိမ်မှာပဲ အမြဲရှိနေတတ်တဲ့ မိခင်က ကြည့်ရှု စောင့်ရှောက်ပါတယ်။ ညီအစ်ကို မောင်နှမများတဲ့ မိသားစု ဖြစ်တဲ့အတိုင်း ကြီးတဲ့သူက အငယ်တွေကို ကူညီ ထိန်းကျောင်းပေးရင်းပဲ ကြီးပြင်းလာခဲ့ကြပါတယ်။ အစပိုင်းမှာတော့ သူမတို့ မိသားစုဟာ အိမ်ငှား နေထိုင် ခဲ့ကြရပြီး၊ အိမ်ငှားတို့ရဲ့ ထုံးစံအတိုင်း မကြာမကြာလည်း အိမ်ပြောင်းခဲ့ကြရပါတယ်။ အဲဒီ့အချိန်မှာ သားသမီး တွေလည်းများ၊ အရွယ်လည်း ရောက်လာကြတဲ့အတွက် မန်းငြိမ်းမောင်နဲ့ နမ့်လှကြည်တို့ဟာ မော်လမြိုင်မှာပဲ အခြေချ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူမ ခုနှစ်တန်း၊ ရှစ်တန်းလောက် ရောက်တဲ့အချိန်မှာတော့ မဆလ အစိုးရက ပြည်သူပိုင် သိမ်းထားတဲ့ ကျောင်းနဲ့ သာသနာ့မြေနေရာ အစား လယ်မြေကွက်ပြန်ချပေးတဲ့ အတွက် မန်းငြိမ်းမောင်ဟာ လယ်မြေ ထဲမှာ အိမ်ယာ တစ်နေရာစာ ရရှိခဲ့ပါတယ်။ အဲဒီ အိမ်ယာ အကွက်ကလေးမှာ မန်းငြိမ်းမောင်က သူ့မိသားစုအတွက် အိမ်ကလေး တစ်လုံး ဆောက်ပေး ခဲ့ပါတယ်။ သစ်တိုင်၊ ပျဉ်ခင်း၊ ကျူထရံကာ၊ အင်ဖက်မိုး အိမ်ကလေးပေမယ့် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းတွေနဲ့ သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ အိမ်လေး တစ်လုံးပါ။ သူမတို့ ညီအစ်မလေးယောက် အတွက် အိပ်ခန်း တစ်ခန်း ရပေမယ့် မိသားစု စုရပ်ဖြစ်တဲ့ အိမ်ရှေ့ခန်းမှာပဲ စကားပြောကြ၊ စာဖတ်ကြရင်းနဲ့ ညီအစ်တွေ ဦးတဲ့သူက နေရာယူ အိပ်လေ့ရှိကြပါတယ်။

သူမဟာ သူမရဲ့ အစ်မ၊ ညီမတွေနဲ့ အတူတူ ကျောင်းအားရက် တွေမှာ အဖေ့ရဲ့ စိုက်ခင်း ပျိုးခင်းလေး တွေမှာ မိခင်ရဲ့ မွေးမြူရေး ကိစ္စတွေမှာ ကူညီ ဆောင်ရွက်ပေးလေ့ ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံ မှာတော့ သူမဟာ ဖခင် ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ ခရီးမှာ ဖခင်နဲ့ အတူ လိုက်ပါပြီး သူမတတ်နိုင်တဲ့ အကူအညီတွေ လုပ်ကိုင် ဆောင်ရွက်ပေးခဲ့တာမျိုးလည်း ရှိပါတယ်။ ကလေး သဘာဝအတိုင်း ဆော့ကစား ကြတဲ့အခါ အများအားဖြင့် ဗမာ ကလေးတွေ ကစားလေ့ရှိတဲ့ ဖန်ခုန်၊ ထုပ်ဆီးတိုး စတဲ့ ကစားနည်းတွေကိုပဲ ကစားလေ့ရှိခဲ့ပါတယ်။ အားကစား တစ်ခုခုကို စူးစူးစိုက်စိုက် ကစား တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အားကစားနည်းတွေထဲမှာ သူမက ဘတ်စ်ကက်ဘော ကစားနည်းကို နှစ်သက် သဘောကျခဲ့ပါတယ်။


ဆက်ပါဦးမည်.......


No comments: