February 16, 2008

ဒေါက်တာ စင်သီယာမောင် (သို့) အရိပ်ကောင်းသော သစ်ပင်(၂)

မထူးခြားသော ထူးခြားသည့် ကလေး၏ ဘ၀အစ
ူသူမကို အဖ မန်းငြိမ်းမောင်၊ အမိ နမ့်လှကြည်တို့က ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာ(၆)ရက်နေ့မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ပြည်သူ့ ဆေးရုံမှာမွေးဖွားခဲ့ပါတယ်။


မိဘတို့အကြောင်း
သူမရဲ့ မိဘတွေဖြစ်တဲ့ မန်းငြိမ်းမောင်နဲ့ နမ့်လှကြည်တို့ နှစ်ယောက်စလုံးဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ဇာတိဖြစ်ပါတယ်။ မန်းငြိမ်းမောင်ဟာ အိမ်ထောင်မကျခင် အချိန်က ဧရာဝတီတိုင်း အတွင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဦးဆောင်မှုနဲ့ အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ (KNDO) အဖွဲ့ရဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေမှာ ပါဝင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။


ဒါပေမယ့် နမ့်လှကြည့်နဲ့ အိမ်ထောင်ပြုပြီးတဲ့အချိန်မှာတော့ အစိုးရက ဖွင့်လှစ်ထားတဲ့ လက်ထောက် ကျန်းမာရေးမှူး သင်တန်းကို တက်ရောက် ခဲ့ပါတယ်။ မန်းငြိမ်းမောင် သင်တန်းတက်နေတဲ့ အချိန်မှာ နမ့်လှကြည် က စင်သီယာမောင် လေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် တကယ်တော့ မန်းငြိမ်းမောင်ဟာ လယ်ဧက အတော်များများကို ပိုင်ဆိုင်ခဲ့တဲ့ တောသူတောင်သား လယ်သမား မိဘများက မွေးဖွားခဲ့ပြီး ကျယ်ပြောတဲ့ မြေယာစိုက်ခင်း ပျိုးခင်းတွေကြားမှာ ကြီးပြင်းလာခဲ့သူဖြစ်တဲ့ အတွက် စိုက်ပျိုးရေးဘက်မှာ အားသန်ခဲ့ပါတယ်။ အလုပ်ကိုလည်း တစိုက်မတ်မတ် လုပ်ကိုင် နေတတ်ပြီး စကားနည်းသူ တစ်ယောက်လည်းဖြစ်ပါတယ်။ နမ့်လှကြည်ဟာလည်း သူမရဲ့ ခင်ပွန်းသည်လိုဘဲ တောသူ တောင်သား လယ်သမား မိဘတွေက မွေးဖွားလာခဲ့တာပါပဲ။ သူမကတော့ စိုက်ပျိုးရေးထက် မွေးမြူရေးကို ပိုပြီး ထက်သန် စိတ်ဝင်စားခဲ့ပါတယ်။ နမ့်လှကြည်ရဲ့ မိခင် ဖြစ်သူဟာ သူမကို မွေးဖွားအပြီးမှာပဲ သွေးသွန်၍ ကွယ်လွန်သွားခဲ့တဲ့ အတွက် မိခင် မေတ္တာရိပ်နဲ့ ကင်းဝေးပြီး ကြီးပြင်းလာခဲ့ရရှာပါတယ်။ အဲဒီ့အချိန်မှာ ပြည်တွင်းစစ်ကြောင့် တိုက်ပွဲတွေကလည်း အပြင်းအထန်ဖြစ်နေ၊ ဖခင်ဖြစ်သူကလည်း အနီးအနားမှာ မရှိဖြစ်ခဲ့ရတော့ နမ့်လှကြည့်ရဲ့ ဘ၀ဟာလည်း အထီးတည်း သီးသီးသန့်သန့် နေထိုင် ကြီးပြင်းခဲ့ရသလို တစ်ခုခုများ ဖြစ်လေမလားဆိုတဲ့ ပူပန်စိုးရိမ်စိတ်ဟာ အမြဲစိတ်ထဲမှာ ရှိနေခဲ့ပါတယ်။ ၄င်း စိတ်ခံစားမှုဟာ သူမ ကလေးတစ်ယောက် မိခင် ဖြစ်လာတဲ့ အချိန်အထိ အစဉ်တစိုက် ရင်ထဲ စွဲနေခဲ့ပါတယ်။ နောင် ၁၉၆၂ခုနှစ် နောက်ပိုင်းကစပြီး စစ်အာဏာရှင် အဆက်ဆက်အောက်မှာ နေထိုင်ခဲ့ရလို့ ဒီလိုပူပင်ကြောင့်ကျမှုများကို ခံစားနေခဲ့ရတာပါပဲ။ တစ်ခါ သားငယ်ဖြစ်တဲ့ ကျော်မြတ်ငြိမ်းဟာ တက္ကသိုလ် စာပေးစာယူ သင်တန်း တက်နေရင်း သူတို့ သူငယ်ချင်းတစ်စု ကဗျာ စာအုပ်ကလေးတစ်အုပ် ဖန်တီး ထုတ်ဝေလိုက်တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး ဖမ်းဆီး ထောင်ဒဏ်အပြစ်ပေး ခံရချိန်မှာတော့ နမ့်လှကြည့် တစ်ယောက်ဟာ ဆိုင်ကယ်သံ၊ ကားသံ ကြားတိုင်း ထိတ်လန့် စိုးရိမ်နေတတ်ပါတယ်။ အဲဒီ့ တစ်ခုခုများ ဖြစ်လာလေများဆိုတဲ့ စိုးရိမ် ထိတ်လန့်စိတ်ဟာ သူမကို ၁၉၈၇ ခုနှစ် ကွယ်လွန်သည့် အချိန်ထိ ဖိစီး နှိပ်စက်သွားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။


ဒေါက်တာ စင်သီယာမောင်၏ မိဘနှစ်ပါး။ မန်းငြိမ်းမောင် နှင့် နမ့်လှကြည်



ဆက်ပါဦးမည်...

No comments: