August 23, 2007

ဘောလုံးပွဲသို့ တစ်ခေါက်......

မနေ့က မြန်မာနဲ့မလေးရှား ဘောလုံးပွဲကို သွားကြည့်ဖြစ်တယ်၊ ကိုယ့်မြန်မာအသင်း သူများတိုင်းပြည်မှာ လာကန်ရတာဆိုတော့ အားပေးမှဖြစ်မယ်ဆိုပြီး ကျနော်တို့ အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများ၊ နီးစပ်ရာ ခင်မင်ရာ အပေါင်းအသင်းတစ်စု ကားငှားပြီး ကျနော်တို့နေထိုင် အလုပ် လုပ်ကိုင်တဲ့နေရာနှင့် မနီး မဝေး၊ Stadium Petaling ကိုသွားရောက်အားပေးဖြစ်ကြတယ်၊ ဒီလို စုပြီးကားငှားသွားမှလဲ ဈေးသက်သက် သာသာနဲ့ လူ စုံစုံညီညီ ရောက်မှာမဟုတ်လား၊ ဒါတောင် တစ်ယောက်ကို ကားခ ရင်းဂစ်(၁၀)ခင်ဗျ၊ ကိုယ့် အစီအစဉ်နဲ့ကို ဆိုရင်တော့ ဒီထက်ပိုကုန်မယ်၊ ကွင်းဝင်ကြေးက တစ်ယောက်ကို ရင်းဂစ်(၁၅)၊ စုစုပေါင်း ရင်းဂစ် (၂၅)နဲ့ ဒီလိုပွဲကို သွားကြည့်ရတယ်ဆိုတော့ တော်တော်ကို သက်သာတယ်ဘဲဆိုရမှာပေါ့ခင်ဗျာ။


ဘောလုံးကွင်းလဲ ရောက်ရော များလိုက်တဲ့ ပရိတ်သက်တွေ တောင်ဘက်ပွဲကြည့်စင်ကို မြန်မာတွေအတွက် သတ်မှတ်ထားပြီး တခြမ်းလုံးနီးပါး မြန်မာပရိတ်သတ်များနဲ့ပြည့်နှက်နေတာဘဲ၊ ခေါင်းစီးတွေ၊ အလံတွေကိုင် ဆောင်ပြီး ကျနော့်တို့ မြန်မာ အမျိုးသားအသင်းကို အားပေးလိုက်ကြတာ ဗျာ ၀က်ဝက်ကွဲဘဲ၊ ခေါင်းစီးရောင်းတဲ့ ကောင်က မလေးလူမျိုးခင်ဗျ၊ သူ့ကိုယ် ဘယ်သူက သင်ပေးလိုက်တယ် မသိပါဘူးဗျာ၊ မြန်မာစကားကို ပီပီ သသကြီးပြောပြီး ရောင်းနေတာခင်ဗျ၊ ဘာတဲ့ “တစ်ခု နှစ်ကျပ်” “တစ်ခု နှစ်ကျပ်” တဲ့ အဲလို ပီပီသသ ကြီးကို အော်ပြီး ရောင်းနေတာ၊ ည (၈း၃၀) မှာ မြန်မာနဲ့ မလေးရှား ပွဲ စကန်ပါတယ်၊ ပွဲစလို့ ၄၈ စက္ကန့်လောက်ဘဲ ရှိဦးမယ်၊ မလေးရှားကစားသမား တစ်ယောက်က မင်းသူကို “ဘီးလူးဆိုင်းတီးပြီး” ၀င်ချ လိုက်တာ၊ မင်းသူ ကလဲ “ပဋာ မြေလူး” အကွက်နဲ့ လူးလှိမ့်ပြလိုက်တော့ ဒိုင်လူကြီးက အစိမ်းကဒ်မပြဘဲ အနီကဒ်ကို တစ်ခါတည်း တန်းပြလိုက်တော့၊ မလေးကစားသမားကလဲ ကွင်းအပြင်ကို စောင့်စောင့် ထွက်သွားတော့တာဘဲခင်ဗျ၊ ဒီလိုနဲ့ ဟိုဘက် ကန်လိုက် ဒီဘက်ကန်လိုက်နဲ့ ပထမပိုင်း (၄၁)မိနစ်မှာ မြန်မာဘက်က အောင်မျိုးသန့်က ဂိုးစည်း ဧရိယာ ထိပ်ကနေ လှလှပပ ပထမ ဗွေဆော်ဦးဂိုး ကို သွင်းယူလိုက်တယ်ခင်ဗျ၊ မလေးရှား အသင်းကလည်း လူတစ်ယောက်လျော့နဲ့ ကစားတာတောင် အကွက်စေ့စေ့ လှလှပပ နဲ့ ပြန်လည် ခုခံနိုင်တယ်၊ ဒုတိယပိုင်း ပြန်စလို့ (၅) မိနစ်မှာ ရန်ပိုင်က ဒုတိယ အနိုင်ဂိုးကို သွင်းတယ်ခင်ဗျ၊ မလေးရှား အသင်းက နှစ်ဂိုးရှုံး၊ လူတစ် ယောက်လျော့နဲ့ ကစား နေတာတောင်မှ ပေါ့ပေါ့လျော့လျော့နဲ့ ကစားတယ်လို့ မရှိဘူး ခင်ဗျ၊ ဖိဖိစီးစီး အင်တိုက်အားတိုက် နဲ့ကစားလာလိုက်တာ ဒုတိယပိုင်း (၃၉) မိနစ်မှာ တစ်လုံးတည်းသော ချေပဂိုးကို Yusof Bin Adbullah Mohd Armak Badawi Maha Thi က သွင်းယူ သွားပါတယ်။ (အဟီး ကျနော်လဲ နာမည် မမှတ်မိတော့ဘူး၊ သူတို့ အင်္ကျီမှာ နာမည်မှ မရေးထားတာ)မိနစ်(၉၀)ပြည့်တဲ့အချိန်မှာတော့ မြန်မာအသင်းက မလေးရှားကို ( ၂း ၁) နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။ ဟုတ်ကဲ့ ကျနော်တို့လဲ ကိုယ့်မြန်မာ အသင်းနိုင်လို့ ၀မ်းသာ အားရနဲ့ “မြန်မာနိုင်ပြီ” “တို့မြန်မာနိုင်ပြီ” သီချင်းကို သံပြိုင်ဟစ်ပြီး ပြန်လာကြပါတယ်၊ (လူတွေလည်း လည်းချောင်း အခုထိ နာနေတုန်း)ဒါတောင် ၀ါသနာက တားလို့မရလို့ ဘောလုံးကွင်းထဲမှာ တွေ့တဲ့ လူ တစ်ယောက်၊ နှစ်ယောက် လောက်ကို အင်တာဗျူး လုပ်လိုက်သေးတယ်...

ကိုဇော်မျိုး (စက္ကူစက်ရုံ အလုပ်သမား၊ Seri Sentosa)

ကျနော် ။ ။ ကိုဇော်မျိုးရေ၊ အခုလို ကျနော်တို့ မြန်မာ အသင်းက ထိုက်ထိုက်တန်တန် နိုင်လိုက်တဲ့ ပွဲအပေါ် အစ်ကိုရဲ့ အမြင်လေး။

ကိုဇော်မျိုး။ ။ အင်မတန်မှ ၀မ်းသာမိပါတယ်၊ မြန်မာအသင်းအတွက် ဂုဏ်လဲ ယူပါတယ်၊ ပြီးတော့ အရင်နှစ်တွေ ကထက် ကစားသမားတွေ တည်ငြိမ်လာတာ တွေ့ရတယ်၊ စိတ်လဲ ထိန်းနိုင်လာကြတယ်။

ကျနော်။ ။ အရင်နှစ်တွေကထက် ဆိုတော့ ကိုဇော်မျိုးက မြန်မာအသင်း ဒီမှာ လာကန်တိုင်း ကြည့်ဖြစ်လား။


ကိုဇော်မျိုး။ ။ ကြည့်တယ်၊ ဘယ်အသင်းလာလာ၊ ဆိုလိုတာက ယူ-၂၀ အသင်းလာကန်တုန်းကလည်း ကျနော်တို့ အားပေးတာဘဲ၊ ပြီးခဲ့တဲ့နှစ် မာဒေးကားတုန်းကလည်း ကျနော်တို့ လာရောက်အားပေးပါတယ်။

ကျနော်။ ။ မြန်မာ အသင်းအတွက် ဘာများ ပြောချင်ပါသလဲ။


ကိုဇော်မျိုး။ ။ ဟုတ်ကဲ့ ဒီလို နိုင်ပွဲရတဲ့အတွက် ကျနော်တို့ ၀မ်းသာ ဂုဏ်ယူမိပါတယ်၊ အားပေးရကျိုးလဲနပ် တယ်ပေါ့နော်၊ ကြိုးစားကြပါလို့၊ ကြိုးစားသလောက် ကျနော်တို့ ပရိတ်သက်များ အားပေးနေပါတယ်လို့ ပြောပေးပါ။



ကိုရဲရင့်အောင်(စားသောက်ဆိုင်၊ Demasara)

ကျနော် ။ ။ ကိုရဲရင့်တို့ ကြည့်ရတာ အရမ်းကို ၀မ်းသာ နေတဲ့ပုံဘဲ။

ကိုရဲရင့်အောင်။ ။ ဟ...၀မ်းသာတာပေါ့ဗျာ၊ ကိုယ့် မြန်မာ အသင်းက အိမ်ရှင် အသင်းကို အနိုင်ယူလိုက်တာ ကိုးဗျ၊ ၀မ်းမသာဘဲ ဘယ်နေပါ့မလဲ။

ကျနော်။ ။ မြန်မာအသင်းအပေါ် ထင်မြင်ချက်လေး နည်းနည်းလောက်ပေးပါလား။

ကိုရဲရင့်အောင်။ ။ ကျနော် မြင်ရသလောက်ဆိုရင် တော်တော်အားကောင်းလာတယ်၊ အားကောင်း လာတာကလည်း တစ်ဦးချင်း တစ်ယောက်ချင်းအားကို အဓိက မထားဘဲ၊ အသင်းလိုက် စုစည်းညီညွှတ်မှုရှိ လာတယ်။ ပြိုင်ဘက် အသင်းက ညစ်ပြီး လူချ ကစားတာကိုလည်း တုံ့ပြန်မှုက အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်ဘဲခင်ဗျ၊

ကျနော် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

နောက်တစ်ခုက ကျနော်တို့ ပရိတ်သက်များအနေနဲ့ အားပေးမှုပုံစံကို အနည်းငယ်တော့ ပြောင်းလဲ သင့်တယ် လို့ ယူဆမိပါတယ်။ အခုတော့ မြန်မာအားကစားသမား ဘက်က တစ်စုံ တစ်ခု ဖြစ်လိုက်တိုင်း ပရိတ်သတ်တွေ က ရေသန့်ဘူးတွေ ရောင်းတော့ တာဘဲ ခင်ဗျာ၊ ရိုးရိုးရေသန့်ဘူး ဆိုရင်တော့ ကိစ္စမရှိဘူးပေါ့၊ အခုတော့ ရေသန့်ဘူးထဲမှာ ဟိုဟာ ဒီဟာတွေနဲ့ဆိုတော့ တော်တော်လေးကို အရုပ်ဆိုးအကျည်းတန်တယ်လို့ ထင်မိ ပါတယ်။ ကစားသမားများဘက်က အဆင့်အတန်းရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်နေတဲ့ အချိန်မှာ ပရိတ်သက်များ ကလည်း အဆင့်အတန်း၊ ဂုဏ်သိက္ခာရှိစွာနဲ့ အားပေးမယ်ဆိုရင်၊ “ကမ္ဘာမှာ မြန်မာကို” လေးစားလာမှာ အမှန် ပါဘဲခင်ဗျား.....။
























No comments: