July 22, 2007

ရောက်တတ်ရာရာလေးများ(၃၄)

မနေ့က ကျနော့် အလုပ်လုပ်နေရင်း အခန်းအပြင်ဘက်က ဆူညံ ဆူညံ အသံကြားလို့ ထွက်ကြည့်တော့ Security လုပ်တဲ့ နိုင်ငံသားက ကျနော့်ကိုတွေ့တော့ သူ့ရှေ့က Sales Promoter ကောင်မလေးတစ်ယောက်ကို ညွှန်ပြပြီး “သူ ဒီမှာ အလုပ်လို့ မရဘူး၊ သူ့ကုမ္မဏီကို လှမ်းဖုန်းဆက်ပေးစမ်းပါ”ဆိုတာနဲ့ ကျနော်က “ဟေ့ နေပါဦးဟ သူဘာဖြစ်လို့လဲ” “အကောင်းချည်းဘဲမဟုတ်လား” “အလုပ်လုပ်ချင်တာများလုပ်ပါစေကွာ” လို့ ကျနော်က ပြန်ပြောတာပေါ့၊ ကောင်မလေးကိုကြည့်လိုက်တော့လဲ အကောင်လေး နည်းနည်းသေးတာကလွဲရင် နေထိုင်ကောင်းတဲ့ ပုံပါဘဲ၊ ဘာမှဖြစ်ပုံလဲ မရပါဘူး၊ (ကျနော်တို့ ဆိုင်တွင် စနေ၊ တနင်္ဂနွေ အပတ်စဉ် ကုမ္မဏီများမှ အရာင်းမြှင့်တင်ဖို့အတွက် Sale girls များ လာရောက်လေ့ရှိသည်) ဒီမှာ ၀တ်နေကြ ကျောင်းယူနီဖောင်းလေးနဲ့ ပကတိသာမန်လေးပါ။ အဲဒီမှာတင် Security ကိုရွှေကုလားက “ဟ မင်းသူ့ကိုယ်လဲ သေသေချာချာ ပြန်ကြည့်ဦး၊ အသက်(၁၈)နှစ် ပြည့်သေးပုံလဲမရသေးဘူး၊ ပြီးတော့ ကျောင်းယူနီဖောင်းကြီးနဲ့ ဒီမှာအလုပ်လုပ်နေတုန်း မတော်တဆ ရဲတွေဘာတွေတွေ့သွားရင် ငါတို့ကုမ္မဏီ အလုပ်များနေပါဦးမယ်ကွာ” တဲ့ အဲဒီလို ပြန်ပြောတော့ “ဟ ဒါဆို မဖြစ်သေးဘူး၊ သူ့တို့ ကုမ္မဏီကို ဖုန်းဆက်ကြည့်လိုက်ဦးမယ်” လို့ပြောပြီး အဲဒီကောင်မလေးကို ရုံးခန်းထဲမှာ ခဏခေါ်ထိုင်ခိုင်းထား သူ့နာမည်တွေဘာတွေမေးပြီး သူတို့ကုမ္မဏီ ကိုဖုန်းလှမ်းဆက်ကြည်တော့ “သူတို့လွှတ်လိုက်တဲ့ Sale girl က အသက်(၁၈)နှစ်ပြည့်ပြီးသားပါတဲ့၊ ခင်ဗျား မယုံဘူးဆိုရင် သူ့ရဲ့ Application Form ကို ပို့ပေးပါ့မယ်၊ နောက်ပြီး သူတို့ယူနီဖောင်းကလဲ ကျောင်းယူနီဖောင်းနဲ့တူနေလို့ပါတဲ့ သူတို့လဲ အသက်မပြည့်သေးရင် အလုပ်ခန့်လို့မရပါဘူး လို့ ပြန်ပြောတာပေါ့” အဲဒါနဲ့ ကျနော်လဲ Security ကိုရွှေကုလားကို ဒီအတိုင်းပြန်ပြောပြီး ကောင်မလေးကို အလုပ်လုပ်ခွင့်ပေးဖို့ သွားပြန်ပြောရတော့တာပေါ့၊ အဲဒါဘဲဗျာ ဒီအရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ မလေးရှားမှာတောင်မှ ဒီလို ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေတွေပြဌာန်း အကောင်အထည်ဖော် ထားတာ ဘယ်လောက်များ အားကျဖို့ ကောင်းလိုက်သလဲ၊ ကျောင်းနေအရွယ်ကလေးက ကျောင်းမှာဘဲရှိရမယ်၊ ကျောင်းပြင်ပမှာ မရှိစေရလို့ ဒီလိုအတိုင်းအတာသတ်မှတ်လုပ်ဆောင်နေကြတာတွေ့ရတယ်ဗျာ။ ကျနော်တို့ရွှေပြည်ကြီးနဲ့တော့ ကွာပါ့ဗျာ၊ လဘက်ရည်ဆိုင်တွေမှိုလိုပေါက်၊ လဘက်ရည်ဆိုင်တိုင်းမှာလဲ အလုပ်သမားကလေးငယ်တွေနဲ့ ချည်းဘဲ၊ ကျောင်းနေသင့်တဲ့ အရွယ် တွေ ကျောင်းမနေရ၊ သူတို့မှာလဲ သူများလိုဘဲ ကျောင်းတတ်ချင်ရှာ မှာပေါ့ ဒါပေမယ့် ပညာရေးထက် ၀မ်းရေးကို ပိုဦးစားပေးနေရတော့ ဘယ်လိုလုပ်ကျောင်းသွားတတ်နိုင်ရှာ တော့မလဲ၊ “ကျောင်းနေပျော်၍ စာတော်ရမည်” ဒါက ကျောင်းတတ် နိုင်တဲ့ကလေးတွေအတွက် ကျောင်းမတတ်နိုင်တဲ့ ကလေးများအတွက်တော့ ဆောင်ပုဒ်မတွေ့မိသေးဘူးခင်ဗျ၊ လူငယ်ဆိုတာ အနာဂါတ်နိုင်ငံအတွက် ခေါင်းဆောင်များတဲ့၊ ကျောင်းမတက်နိုင်တဲ့ကလေးတွေများလာရင် အနာဂါတ်နိုင်ငံ အတွက်တော့ ရင်လေးစရာဘဲဗျာ၊ လမ်းဘေး ကလေးငယ်ဘ၀ကနေ ဘီလျံနာကြီးတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ကမ္ဘာက အထင်ကြီးလေးစားတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဆိုတာတော့ တော်တော်ခဲယဉ်းလိမ့်မယ် ထင်ပါတယ်၊ ဒါကြောင့် ကျနော်တို့ Blogger ညီအစ်ကို မောင်နှမများစုစည်း ပြီးတော့ မြန်မာနိုင်ငံမှာ အခြေအနေအရ ဖြစ်ပေါ်နေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားတက် သရော ထောက်ပံ့လှူဒါန်းဖို့လိုအပ်လာပြီလို့ ကျနော်ယူဆပါတယ် ဒါကြောင့်အလှူအတန်းလုပ်ချင်သူများကို ရန်ပုံငွေကောက်ခံပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းကျောင်းကို ထောက်ပံ့လှူဒါန်းရအောင် လို့ တိုက်တွန်းနှိုးဆော် ဖိတ်မန္တက ပြုပါတယ်ခင်ဗျာ.....



2 comments:

hnin said...

ကိုကျော်ဇေယျရေ...မွန်မြတ်တဲ့စိတ်ထားအတွက် သာဓုခေါ်ပါတယ်။ ပို့စ်တွေလည်း ဖတ်လို့ကောင်းပါတယ်။ အားပေးနေတယ်နော်။

ကလိုစေးထူး said...

ဝိုင်..နောက်ပို့စ်တွေကျရင် စာပိုဒ်တွေ ခွဲပေးကွာ.. ဖတ်ရတာ ပြွတ်သိပ်နေတာပဲ... မသောက်ဘဲ တောင် မူးချင်လာတယ်။