June 9, 2007

ရောက်တတ်ရာရာလေးများ(၃၂)

အခုတစ်လော အလုပ်တွေက တော်တော်လေးကိုများနေတာကိုးဗျ၊ အကြောင်းပြစရာကလဲ ဒါဘဲရှိနေတာ့ ဒါကိုဘဲ ထပ်ခါ ထပ်ခါ ပြောရတာဘဲဗျို့၊ မန်နေဂျာကလည်း ဘယ်ကနေ ဘယ်လို စပွန်ဆာရတယ် မသိပါဘူး အင်္ဂလန်ကို ခဏသွားလေတော့ အလုပ်တာဝန်တွေတော်တော်များများ ကျနော့်ခေါင်းပေါ်ကျလာတာပေါ့ခင်ဗျာ အလုပ်တွေဘယ်လောက်များသလဲဆို အလုပ်ဆင်းလို့အိမ်ပြန်ရင်တောင်မှ ရေကမန်းကတန်းချို့း၊ ထမင်းလေး မြန်မြန်စားပြီး အိပ်ရာထဲကိုတန်းဝင်တော့တာဘဲ၊ စာလဲမဖတ်နိုင်၊ တီဗွီလဲမကြည့်နိုင်နဲ့ ဘလော့ဆိုတာ ဝေလား ဝေးဘဲခင်ဗျ၊ ကိစ္စများမြောင်လူတို့ဘောင်ကိုး ဘယ်တတ်နိုင်ပါ့မလဲနော် လုပ်ချင်တာမလုပ်ရ၊ မလုပ်ချင် တာလုပ်ရနဲ့ တစ်ခါတစ်လေများဆို စိတ်နဲ့ကိုယ်နဲ့ကပ်အောင်တော်တော်လေးကျင့်ကြံကြိုးစား အားထုတ် နေရတယ်၊ ဒီတစ်ပါတ်တော့ ဘလော့ကိုမဖြစ်ဖြစ်အောင်ရေးမယ်ဆိုပြီးအားခဲထားလိုက်တာ ကွန်ပျူတာရှေ့လဲ ကျရော ဘာရေးလို့ရေးရမှန်းကို မသိတော့ပါဘူး၊ ကဲလေ ဘာဘဲဖြစ်ဖြစ် ဖတ်ဘူး မှတ်ဘူး ထားတာလေးများ ကူးချဦးမှ၊ ဖတ်ဘူးတာတော့ကြာပါပြီ တစ်ခါတစ်လေမေ့နေတတ်လို့ ဘလော့မှာ ရေးစရာမရှိလို့ ကူးချလိုက် တယ်လို့ဘဲ မှတ်လိုက်ကြပါခင်ဗျ၊ကဲ ဆရာဖေမြင့်ကတော့ ဒီလိုဆိုလေရဲ့“အောင်မြင်သူနှင့် မအောင်မြင်သူ” တဲ့....ဆက်လက်ရှုစားတော်မူကြပါခင်ဗျာ...
“တစ်ချို့လူများ အောင်မြင်ကြသည်။ အများစုက မအောင်မြင်ကြ။ ဘယ်ကြောင့်နည်း။”
“လူ့ယဉ်ကျေးမှု သမိုင်းအစလောက်ကပင် သည်မေးခွန်းက လူအများခေါင်းထဲ ၀င်ခဲ့သည်။ သည်လူက ဘာကြောင့်အောင်မြင်ပြီး၊ ဟိုလူက ဘာကြောင့် မအောင်မြရင်သလဲ။ ဘာကြောင့် သည်လူ့ဘ၀က ခက်ခဲ ပင်ပန်း နေရသလဲ။ အောင်မြင်သူနှင့် မအောင်မြင်သူမှာ ဘယ်လို ကွဲပြားခြားနားသည့် စရိုက်လက္ခဏာရပ်တွေ ရှိနေသလဲ။”
“စိစစ်သုံးသပ်ကြည့်တော့ အထက်ကမေးခွန်းများအတွက် အဖြေပေါ်လိမ့်မည်ထင်သည်။ ကြည့်ကြရအောင်။”
အောင်မြင်သူ သည်မိမိဘာကို အလိုရှိကြောင်းကောင်းစွာသိသည်။ အလိုရှိရာကို ရယူုရန် နည်းလမ်း အကြံအစည် လည်းရှိသည်။ မိမိ၌ ရယူနိုင်စွမ်းရှိသည် ဟုလည်း ယုံကြည်သည်။ ပြီး မိမိ နေ့စဉ်ဘ၀၏ အချိန်ကာလအများစု ကို မိမိလိုရာ ရရှိရေး ကိစ္စထံတွင် နှစ်မြုပ်သုံးစွဲသည်။
မအောင်မြင်သူ ၌ ဘ၀ရည်မှန်းချက် တိတိကျကျ မရှိ။ အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်း တရားသာဖြစ်သည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် မလွှဲမရှောင်သာသည့် အခါမျိုးမှတစ်ပါး ကိုယ်စွမ်းကိုယ်စ ထုတ်လေ့မရှိ။
အောင်မြင်သူ သည် စည်းရုံးရေးသမားကောင်းဖြစ်သည်။ မိမိအလုပ်ကို အစွံထတ်ရောင်းချတတ်သူ ဖြစ်သည်။ မိမိလုပ်ငန်းအစီအစဉ်တွင် သူတစ်ပါးတို့ အားတက်သရော ၀ိုင်းဝန်းပါဝင်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူ ဖြစ်သည်။
မအောင်မြင်သူ ကား အပြစ်ရှာသမားဖြစ်သည်။ တစ်ဖက်သား စေတနာပျက်အောင် လုပ်သူမျိုးဖြစ်သည်။ မိမိနှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင်စိတ်တွေ ကူးစက်ပျံ့နှံအောင် သူ အားထုတ်နေတတ်သည်။
အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူဖြစ်သည်။ သူ့စကားလုံးတွေကို အလွန်ချင့်ချိန်သည်။ တစ်ဖက်လူများနှင့် ပတ်သက်၍ နှစ်သက်စရာ ချီးကျူးစရာများကို အထူး ဂရုပြုဖော်ထုတ်သည်။ မိမိ မနှစ်သက် သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်သည်။ ဝေဖန်ပြစ်တင် စကားမဆိုမိအောင် သတိထားသည်။
မအောင်မြင်သူ ကား ၄င်းနှင့်ဆန့်ကျင်ဘက်။ မစဉ်းမစား စကားတွေပြောမည်။ သူ့စကားကြောင့် တစ်ဖက်လူ စိတ်ထိခိုက်ရမည်။ မိမိကို မုန်းတီးစေမည်။ အဲသည်က ဆင့်ပွားလာသည့် ဆိုးကျိုးတွေကို မိမိပင် တစ်နေ့ ခံစား ရမည်။
အောင်မြင်သူ သည် အကြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့်စပ်လျည်းသည့် မိမိအမြင်ကို သူတစ်ပါးရှေ့၌ ကျိုးကြောင်းသင့်မြတ်စွာ တင်ပြပြောဆိုသည်။
မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုဘဲ ဝေဖန်မည်။ မှတ်ချက်ချမည်။ မိမိလုံးဝနားမလည် သည့် ကိစ္စကိုလည်း ၀င်ရောက်စွက်ဖက်ပြောဆိုမည်။
အောင်မြင်သူ သည် အချိန်ကိုလည်းကောင်း၊ ငွေကိုလည်းကောင်း စနစ်တကျစီမံခန့်ခွဲသုံးစွဲသည်။
မအောင်မြင်သူ ကား အချိန်ကို တန်ဖိုးမထား။ ငွေကိုလည်း မလေးစား။ ပစ်စလက်ခတ် ပရမ်းပတာ ဖြုန်းတီး ပစ်တတ်သည်။
အောင်မြင်သူ သည် လူတစ်ဖက်သားကို စိတ်ဝင်စားသည်။ မိမိနှင့် အလုပ်အကိုင်တူသူ နေရာဌာနတူသူ စသည့် တစ်နည်းနည်း ဆက်စပ်ပတ်သက်နေသူများအား ရင်းနှီးခင်မင်စွာ ဆက်ဆံတတ်သည်။
မအောင်မြင်သူ ကား အလိုမရှိလျှင် ဘာသိဘာသာ၊ အလိုရှိမှ ခေါ်ပြောဆက်ဆံသည်။
အောင်မြင်သူ သည် ပွင့်လင်းသော စိတ်ထားရှိသည်။ သဘောထားကြီးသည်။ မတူသော အယူအဆ၊ မတူ သောလူများအပေါ်သည်းခံနိုင်စွမ်းရှိသည်။
မအောင်မြင်သူ ကား တံခါးပိတ်ထားသော စိတ်မျိုးရှိသည်။ မတူသော အယူအဆကို မကြားနိုင်။ မတူသော လူများကို မကြည့်နိုင်။ စိတ်တံခါးပိတ်ထားသည့် အတွက် အခွင့်အရေးကောင်းတွေလည်း သူမမြင်၊ မသိ။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မူ ဆိုတာမျိုးလည်း သူဘယ်သောအခါမျှ မရရှိ။
အောင်မြင်သူ သည် ခေတ်နှင့် အမီ ရင်ဘောင်တန်းနိုင်အောင် အမြဲကြိုးစားသည်။ မိမိလုပ်ငန်း၊ မိမိအသက် မွေးဝမ်းကျောင်းနယ်ပယ်၊ မိမိ အသိုင်းအ၀ိုင်း စသည်တို့သာမက တစ်ကမ္ဘာလုံးမှာပါ ဘာတွေဖြစ်နေသလဲ အမြဲ သိအောင် ဂရုပြုလေ့လာသည်။
မအောင်မြင်သူ ကား လတ်တလော ပတ်သက်နေသည့်ကိစ္စမှ တစ်ပါး ဘာကိုမျှ အရေးမထား။ ကိုယ်နှင့် တိုက်ရိုက် မပတ်သက်တာမှန်သမျှ ဘာတစ်ခုမှ မသိ။
အောင်မြင်သူ သည် လောကကိုလည်းကောင်း၊ ဘ၀ကိုလည်းကောင်း အမြဲ အပြုဘက်က မြင်၊ အပြုဘက်က တွေးသည်။ မိမိလုပ်ငန်းတွေ အောင်မြင်ခြင်း၊ လောကကြီးထဲမှာ မိမိအတွက် တစ်နေရာ ရရှိခြင်းသည် မိမိ၏ ဆောင်ရွက်ချက်တွေ များပြားပြည့်စုံခြင်း၊ အရည်အသွေးပြည့်ဝခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာ သိရှိသည်။ သူသည် ကတိပြုထားသည်ထက် ပို၍ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ပေးတတ်သည့် အလေ့ အထကို မွေးမြူထိန်းသိမ်းသည်။
မအောင်မြင်သူ ကာ ကိုယ်က မပေးဘဲ ရချင်သူဖြစ်သည်။ သူ့မှာ အချောင်စားချင်စိတ် ကြီးစိုးနေသည်။ အချောင်မရသည့် အခါ သူတစ်ပါးတို့ လောဘကြီးကြောင်း ပြစ်တင် ပြောဆိုမည်။
အောင်မြင်သူ သည် ကမ္ဘာ၌ လူဖြစ်လာရခြင်း အတွက်ပင် ၀မ်းမြောက်ကျေနပ်ခြင်းဖြစ်သည်။ သူသည် ပတ် ၀န်းကျင်အပေါ် နှစ်သက်ခင်မင်မှုရှိပြီး အများကောင်းကျိုး ဆောင်ရွက်ရန်လည်း အမြဲတက်ကြွထက်သန် နေသည်။
မအောင်မြင်သူ ကား လောက ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကို လည်းကောင်း အယုံအကြည်မရှိ။ သူသိ သည်မှာ သူ့အကျိုးစီးပွားပဲဖြစ်သည်။ သူသည် ရလျှင် ဘနဖူး သိုက်တူးမည့် သူမျိုးဖြစ်သည်။ သို့တိုင်အောင် သူမကြီးပွား၊ ကြီးပွားလျှင်လည်း ရေရှည်မခံ။
ခြုံပြောရလျှင်...
အောင်မြင်သူနှင့် မအောင်မြင်သူကား စိတ်ဓါတ်ရော၊ လုပ်ရပ်တွင်ပါ တစ်ဦးနှင့်တစ်ဦး တစ်ကမ္ဘာစီခြားကြသူ များဖြစ်သည်။ ထိုစိတ်ဓါတ်နှင့်လုပ်ရပ်များကြောင့်ပင် သူတို့၏ ဘ၀အနေအထားများလည်း ကွာခြားသွားရခြင်း ဖြစ်ပေသည်။” တဲ့...
ကဲ မိမိကိုယ်ကို အောင်မြင်မယ့်သူလား၊ မအောင်မြင်မယ့်လူလားဆိုတာ...ဆန်းစစ်ကြည့်ကြပါခင်ဗျား....

1 comment:

Min Thu said...

hi ko kyaw zay ya, this is really a good post. I like it a lot. :)