ဖြစ်ရပ်(၁)
ကျနော် ဆိုတဲ့ ကောင်က သီချင်းဆို အင်မတန်ဝါသနာကြီးတာ ဘယ်လောက်တောင် ၀ါသနာကြီး သလဲ ဆိုရင် စားရင်း သောက်ရင်း သွားရင်း လာရင်း အလုပ်လုပ်နေရင်း သီချင်းလေး တငြီးငြီး တဆိုဆို ဆို အလုပ် အလွန် စားလို့ကောင်း သောက်လို့ကောင်း အလုပ် လုပ်လို့ ကောင်းဗျာ။ ငယ်ငယ်တုန်းက ဆိုရင် ထမင်းစားရင်း တီဗွီကြည့် သီချင်းကောင်းလေးတွေလာလို့ စားနေလက်စ တန်းလန်းနဲ့ သီချင်းဆိုလို့ အမေရိုက်တာကို ခံရပေါင်းလဲ မနည်းပါဘူးဗျာ အဲဒီလောက်ထိ...
တစ်နေ့တော့ အလုပ်လုပ်နေရင်း အလုပ်ထဲမှာ ကျနော့် Supervisor က တရုတ်သီချင်းဖွင့်ထားတာ ဟိုဗျာ စိုင်းဆိုင်မော်ဝ်ရဲ့ “မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ” ဆိုတဲ့ သီချင်းလေး နဂိုကတည်းက ဒီသီချင်းက အလိုက် ကောင်းတာဗျ ကျနော်က တရုတ်လို မဆိုတတ်တော့ ကျနော် ရတဲ့ အတိုင်း မြန်မာလို လိုက်ငြီးနေတာပေါ့ “မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ” ဆိုတဲ့ Chorus အပိုဒ်လေး ရောက်ရင် အသံလေး ဘာတွေ ကျယ်သွားတော့ ဒီကောင် ဘာဖြစ်တယ် မသိပါဘူး ဇတ်ကနဲဆို နောက်တစ်ပုဒ် ကို ကျော်ပြစ်လိုက်တယ်ဗျာ အဲဒါနဲ့ နေပါဦး ဘာဖြစ်လို့လဲ လို့ ဒီကောင် ကိုလှမ်းမေးတာပေါ့၊ “အဲဒီသီချင်းလေးကောင်းတယ်ကွ” ပြန်ဖွင့်လိုက်ပါ ဘာညာနဲ့ ပြောတော့ ဒီကောင်က ကျနော့်ကို ဘာပြန်ပြောသလဲ ဆိုတော့ “မင်းကို ငါကြည့်နေတာကြာပြီ” တဲ့ “ငါ သီချင်း ဖွင့်လိုက်တိုင်း မင်းလိုက်ဆိုနေတာချည်းဘဲ“တဲ့ “ဆိုလိုက်တိုင်းလဲ မင်းတို့စကားနဲ့ချည်းဘဲ” လို့ ပြောတော့ ကျနော်လဲ တော်တော်စိတ်ပေါက်သွားပြီး “အဲဒီ့သီချင်းက ငါတို့ မြန်မာတွေအရင်ဆိုတာကွ နောက်မှ မင်းတို့ တရုတ် တွေလိုက်ဆိုတာ” (အမှန်ကတော့သိသိကြီးနဲ့ပြောတာပါ copy မှန်း ကျနော် သိပါတယ်) လို့ပြန်ပြော လိုက်တော့ ငနဲသားက ရှုးရှုးရှဲရှဲ ဖြစ်သွားပြီး “မင်းဘယ်နှစ် ခုနှစ် မွေးတာလဲ” ဘာလဲနဲ့မေးတော့တာပါဘဲဗျာ ကျနော်ကလဲ မလိမ်ချင်တာနဲ့ အမှန်အတိုင်းပြောပြလိုက်တော့ သူက ဘာပြန် ပြောတယ်ထင်သလဲဗျ သိလား “မင်းဆိုနေတဲ့ ငါတို့တရုတ်သီချင်းက မင်းမမွေးခင်ကတည်းက ပေါ်နေတာ” တဲ့ဗျာ ကဲ ကောင်းကြသေးရဲ့လား
ဖြစ်ရပ်(၂)
အဲဒီ့နေ့က ကျနော် နားရက်ဗျ၊ နားရက်ဆိုတော့ သိတဲ့အတိုင်းဘဲပေါ့ဗျာ Kuala Lumpur မြို့လည်ကောင် ကိုသွားချင်သွား၊ ဖတ်ချင်တဲ့စာအုပ်တွေဝယ်၊ စားချင်တာစားနဲ့ ပြီးတော့ မြို့ထဲက မြန်မာဆိုင်မှာ မြန်မာဗွီဒီယို ဇာတ်ကားတွေ မကြည့်ရတာကြာတာနဲ့ တစ်ခွေလား၊ နှစ်ခွေလား မမှတ်မိတော့ပါဘူး ၀ယ်ပြီး အိမ်ကိုပြန်လာ တစ်အောင့်တစ်နေ ထိုင်နားပြီးတော့ ခွေထိုင်ကြည့်နေတာပေါ့ဗျာ ခွေကြည့်ရင်းပထမပိုင်းပြီးကာစဘဲ ရှိပါ သေးတယ် အလုပ်ထဲက နိုင်ငံသားတရုတ်တစ်ကောင် အိမ်ကိုလာလည်တာနဲ့ သူနဲ့အလာပသလာပ ပြော ခွေကိုလဲ ဆက်ကြည့်ရင်းပေါ့ဗျာ ဒုတိယပိုင်းဇာတ်သိမ်းခါနီးပြီဆိုတော့ ဇာတ်ရှိန်က တက်နေတာပေါ့ဗျ ဘာတဲ့ ကားနာမည်က “ရင်ဝယ်ထား သားလဲမဟုတ်” တဲ့ အဲဒီကား ဇာတ်သိမ်းခါနီးမှာ မင်းသားက ဓါးနဲ့အထိုးခံထား ရတော့ သေခါနီးဆဲဆဲပေါ့ဗျာ၊ မင်းသားအဖေအဖြစ် သရုပ်ဆောင်တဲ့ ဦးအောင်ခိုင်က အရင်အကြောင်းတွေ ပြန်ပြောင်းပြောပြောပြီး ငိုတာပေါ့၊ ကျနော့်အထင် အဲဒီ ဇာတ်သိမ်းခန်းတင် ၁၀မိနစ်လောက်ကြာမယ်ထင်တယ် အဲဒီမှာဘဲဗျာ ဘေးနားမှာထိုင်နေတဲ့ တရုတ်က ထမေးတော့တာပါဘဲ “မင်းတို့မြန်မာကားကို ငါကြည့်နေတာ” တဲ့ “ငါနားတော့မလည်ပါဘူး”တဲ့ “ဒါပေမယ့် ဒဏ်ရာရနေတဲ့ လူကို ဘာဖြစ်လို့ ဆေးရုံကို မြန်မြန်မပို့တာလဲ” တဲ့ “ငိုနေပြီးစကားပြောနေလို့ ဘာဖြစ်မှာလဲ” တဲ့ ကဲ ကောင်းကြသေးရဲလားဗျာ ကျနော် ဘာပြောလို့ ဘာပြန်ပြော ရမှန်းကို မသိတော့ပါဘူး.....
4 comments:
မြန်မာပြည်က copy country ပါခင်ဗျာ။ သြဇာလွှမ်းမိုးမှုအောက်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိမယ်မထင်ဘူး။ ပြင်လို့ ရမယ် မထင်တော့ဘူး။ အဓိပ္ပါယ်ရှိတဲ့ ဖန်တီးမှုတွေ မလုပ်နိုင်တာ ဘယ်သူ့ကို အပြစ်တင်ရမှာလဲဗျ။
ကိုယ်ပိုင်ဖန်တီးမှုအားနည်းနေကြပါပြီ
အခုလို အင်တာနက်ထွန်းကားနေတဲ့ အချိန်မှာ ပိုလို့တောင် ဆိုးလာပါတယ် အရာရာကို ကော်ပီလုပ်နေကြာတချည်းဘဲဗျာ နောက်ဆိုရင် ဘလော့တွေ ကိုတောင်မှ ချွတ်စွတ် ကော်ပီ ကူးထားတာတွေ ကိုနတ်ထိ တွေ့မြင်ရပါလိမ့်မယ် ခင်ဗျာ
ဗမာပြည်နဲ့ ကော်ပီ ကိစ္စကတော့ လုံးဝခွဲမရတော့ဘူး ။
မဂျစ်ရေ အင်တာနက်ခေတ်ဖြစ်နေတော့ ပိုတောင် ဆိုးလာ သလားလို့....
Post a Comment