“ရေးချင်လိုက်တာလည်း ပြာလို့၊ ရေးထားတာလဲ ချာလို့” အဲဒီအတိုင်းများဖြစ်နေပြီလား မသိပါဘူး၊ တစ်ခါလာ လည်း ရောက်တတ်ရာရာ၊ တစ်ခါလာလည်း ရောက်တတ်ရာရာ၊ ရောက်တတ်ရာရာကကို မတက်နိုင်ဘူးဖြစ်နေ တယ်၊ အယ်ဒီတာ လူကြီးမင်းရဲ့ လုပ်ငန်းကိစ္စအ၀၀ဖြစ်တဲ့စတားပေးတဲ့ လုပ်ငန်းကလည်းပြီးပြီ၊ အလုပ်ကလည်း နည်းနည်းလေးအားနေတော့ ကိုယ့်ရဲ့ပင်ကိုယ်ခေါင်းစဉ်အတိုင်း ရောက်တတ်ရာရာလေးတွေကိုဘဲ ဆက်လက် ရေးသားရဦးမှာပေါလေ..ဟုတ်တယ်နော်.(မဟုတ်လဲ..ဟုတ်လိုက်နော် အားနားပါးနာလေးနဲ့ပေါ့...)
ပြီးခဲ့တဲ့အပါတ်က မလေးရှားကို အစ်ကိုတော်တစ်ယောက် အလုပ်လုပ်ဖို့ရောက်လာတဲ့အတွက် သူကိုသွားကြို လုပ်ငန်းခွင်နေရာလိုက်ပြ၊ နေဖို့၊ ထိုင်ဖို့၊ စားရေးသောက်ရေးအကုန်စီစဉ်ပေးရတော့ လူလည်း တော်တော် အလုပ်များသွားတာပေါ့၊ အမိမြေက ခွဲခွာခဲ့တာနည်းနည်းကြာသွားပြီဆိုတော့ စီးပွားရေး၊ လူမှုရေး အခြေအနေ တွေကို ညနေစာ ထမင်းစားရင်း ညီအစ်ကိုနှစ်ယေက် အလာပသလ္လာပ ထိုင်ပြောနေကြတာပေါ့၊ အစ်ကိုက လေဆိပ်မှာ သူကြုံတွေ့ခဲ့ရတာလေးတွေကို ပြန်လည်ဖောက်သည်ချပါတော့တယ်။ မြန်မာပြည်က ထွက်လာ ကတည်းက လူက စိုးရိမ်စိတ်ကလေးနဲ့ခင်ဗျ၊ လူစိမ်း၊ နေရာစိမ်းမှာ ဘာသာစကား မတူ၊ လူနေမှု စရိုက်လဲ မတူတဲ့နေရာမှာ အလုပ်လာလုပ်ရမှာဆိုတော့ စိုးရိမ်တာပေါ့၊ ဒါတောင်လူခံရှိလို့ လူခံမရှိတဲ့သူများဆို ဘယ်နှယ့် လုပ်မလည်းမသိဘူး၊ မလေးစကားဆိုတာကလဲ မဆိုစလောက်တတ်ရုံလေး မလိုင်(မလေးလူမျိုး)တွေ English လိုပြောတယ်ဆိုတာကလည်း လျှာသံအာသံက မြန်မာနဲ့မတူတော့ နည်းနည်းရိပ်ဖမ်းသံဖမ်း လောက်ဘဲ နားလည်တာဗျ၊ ဒါတောင် သူတို့နိုင်ငံမှာ အလုပ်လာလုပ်ရတယ်ဆိုပြီး နှိမ်ချင်သေးတယ်၊ ဒါကလဲ အခြေခံ လူတန်းစားတွေလောက်ပါ၊ ပညာတတ်သူများကတော့ ဒီလိုအပြုအမူမျိုး မတွေ့ရသလောက်ဘဲ၊ မလေးရှား နိုင်ငံ KLIA (Kuala Lumpur International Airport) ကိုရောက်တော့ လာခေါ်မယ့် သူဌေးကလဲ မရောက် သေး (Agent က အလုပ်သမားများကို ခေါ်ထုတ်သွားလို့မရပါဘူး၊ သူဌေးကိုယ်တိုင် (သို့) ကိုယ်စားလှယ် လွှဲစာပါမှ ထုတ်ယူလို့ရပါတယ်) ဘယ်အချိန်ကိုယ့်ကိုလာခေါ်မလဲ တော်ကြာ ကိုယ်က ဟိုဟိုဒီဒီလျှောက်သွား နေလို့ လာခေါ်တဲ့လူနဲ့ မတွေ့ရင် လေဆိပ်မှာ ယောင်လည်ယောင်လည်ဖြစ်နေဦးမယ် ဆိုတဲ့ စိုးရိမ်စိတ် ကလေးနဲ့ စောင့်လိုက် ရတာ တမေ့တမော၊ သူဌေးကလဲ တော်တော်နဲ့ကို မလာတာတဲ့ဗျာ၊ မလေးရှား စံတော်ချိန် ညနေ(၃) နာရီ လောက်ကတည်းက ရောက်နေတာ ည (၇)နာရီ ထိုးလို့လဲ မလာ၊ (၈)နာရီထိုးလို့လဲ မလာဆိုတော့ အတူတူလာတဲ့ သူနဲ့တိုင်ပင်ပြီး စိတ်ကိုဒုန်းဒုန်းချ ဒီတစ်နေ့တော့ လေဆိပ်မှာ သေချာ အိပ်ရပါပြီ ဆိုပြီးတော့ ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်လုပ်ကြတော့တာပေါ့၊ လေဆိပ်ကလည်း Air Cond တွေ ဖွင့်ထားတာ အေးလိုက်တာဆိုတာမှ မြန်မာပြည်က တောင်ကြီးဒီဇင်ဘာလကြနေတာဘဲတဲ့၊ ပါလာတဲ့ Bag အိတ် တွေကလဲ အပြင်ရောက်မှထုတ်ရမှာလေ၊ သူဌေးက လာမခေါ်သေးတော့ အပြင်ကိုမရောက်သေး၊ အဲဒီတော့ Bag အိတ်တွေလဲ မထုတ်နိုင်၊ အနွေးထည်တွေက Bag အိတ်ထဲမှာဆိုတော့ နှစ်ယောက်သား ချမ်းချမ်းအေးအေးနဲ့ပေါ့၊ ဟိုနေရာလေ ငုတ်တုပ်ထိုင်လိုက်၊ ဟိုချောင်လေး ငုတ်တုတ်ထိုင်လိုက်နဲ့ပေါ့ ကောင်တာကနေလဲ ဝေးဝေးမသွားရဲဘူးလေ၊ ဘယ်အချိန်သူဌေးရောက်လာမလားနဲ့ပေါ့ခင်ဗျ၊ အဲဒီမှာ စတွေ့ တော့တာပါဘဲ၊ လေဆိပ်ထဲမှာ သန့်ရှင်းရေးလုပ်တဲ့ နိုင်ငံသား အိန္ဒိယလူမျိုး အမျိုးသမီးက ထိုင်နေတဲ့လူတောင် မရှောင်ဘူးခင်ဗျာ ဟိုတိုက် ဒီတိုက်လုပ်ပြီး တံမျက်စည်းနဲ့လှည်းသွားတာတဲ့ဗျာ၊ လူတွေကိုလဲ အော်သွား ဟစ်သွားသေးတယ်တဲ့၊ ကဲ ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲ၊ ဒီမှာက လေဆိပ်မှာကတည်းက ခွဲခြား ဆက်ဆံတာခင်ဗျ၊ အလုပ်လာလုပ်တဲ့သူကကောင်တာတစ်ခု၊ အလည်အပတ်သမားတွေက ဟိုဘက် ကောင်တာမှာကိုး၊ အလုပ်သမားများအနေနဲ့ကတော့ လေဆိပ် ၀န်ထမ်းတွေရဲ့ အမျိုးမျိုးသော ညစ်ပတ်မှုကို ခံရတာပါဘဲဗျာ၊ ကိုယ်က မခံနိုင်လို့ခွန်းတုံ့ပြန်မိရင်တောင် လူကို ကုပ်ကဆွဲခေါ် အချုပ်ခန်းထဲ ထည့်ပြီး ဟိုစစ် ဒီစစ်၊ ဟိုရိုက် ဒီရိုက်လုပ်သေးတာတဲ့ခင်ဗျ၊ နောက်ပြီးတော့ မြန်မာပြည်က ရောက်လာခဲ့ပြီး သူဌေး လာမခေါ် သေးတဲ့ လူများလဲ အများကြီးပါဘဲတဲ့ မြန်မာပြည်က ပွဲစားများရဲ့ပြီးစလွယ်စီစဉ်မှုများကြောင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများနဲ့ ကြုံတွေ့နေရသော ကိုရွှေမြန်မာများလဲ လေဆိပ်မှာ ဒုနဲ့ဒေး၊ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ဗျာ၊ ဒီလေဆိပ် ၀န်းကြီးထဲမှာ ဘယ်နေရာမှ သွားလို့မရ၊ လာလို့မရ၊ အရောင်းဆိုင်များဆိုတာကလဲ အပြင်ဘက် မှာဗျာ၊ ဘယ်လို သွားနေမလဲ၊ ဘယ်လိုသွားစားမလဲ၊ ကျနော့်ရဲ့အစ်ကိုတော်ကတော့ သူဌေးကို တိုက်ရိုက် ဖုန်းဆက်ပြီး လာကြိုခိုင်းလို့ ည(၁၂)နာရီထိုးလောက်မှလေဆိပ်ထဲကထွက်ခွာခွင့်ရခဲ့တယ်ခင်ဗျ၊ နောက်တစ်နေ့ ကျတော့ သူလဲ ဖုန်းတစ်လုံးနဲ့အလုပ်တွေ ရှုပ်နေတာပါဘဲဗျာ၊ ကျနော်မေးကြည့်တော့ လေဆိပ်မှာ သူနဲ့ သိလာတာတဲ့ ကောင်မလေးတွေရော၊ ကောင်လေးတွေရော သူဌေးလာမခေါ်တာ(၃)(၄)ရက်ရှိပြီဆိုဘဲခင်ဗျ နီးစပ်ရာဖုန်းနံပါတ်တွေပေးလိုက်ကြတယ်ထင်ပါ့ခင်ဗျာ...ကျနော်လဲ စေတနာ့ ၀န်ထမ်း လုပ်လိုက်ပါတယ် ဟိုလူဖုန်းခေါ်၊ ဒီလူ့ဖုန်းခေါ်၊ အကြောင်းကြားပေးလိုက်ရကြောင်းပါ၊ ဒါကြောင့် မလေးရှားကို လာတော့မည် ဆိုလျှင် နီးစပ်ရာ အသိတစ်ဦးဦးရဲ့ ဖုန်းနံပါတ်(သို့)မိမိအလုပ်လုပ်ရမဲ့ သူဌေးရဲ့ဖုန်းနံပါတ်(သို့)မိမိ အေးဂျင့် ရဲ့ဖုန်းနံပါတ်ကို အမိအရတောင်းယူထားကြပါ၊ နောက်ပြီး မလေးငွေ အကြွေ လေးများဆောင်လာကြပါလို့ ကျနော် အကြံပေးလိုပါတယ်၊ မိမိမှာ ပိုက်ဆံပါသော်လည်း နေရာတကာ အကြွေစေ့ ဖုန်းများကြောင့် ဖုန်းဆက်သွယ်ရန်လွယ်သော်လည်း အကြွေစေ့ရဖို့ အခက်အခဲရှိလို့ပါခင်ဗျာ၊ Money Changer များ ရှိသော်လည်း၊ အကြွေမလဲပေးကြပါခင်ဗျာ....

2 comments:
ဟုတ်တယ်ဗျို့ တကယ်သနားစရာပါဗျာ. မြန်မာတွေရော အင်ဒိုနီးရှားတွေရော ပုံလို့. တစ်ချို့ဆို အဖြူရောင်ကဒ်တောင် မဖြည့်တတ်ကြဘူးဗျ. စောင့်နေကြတာလဲ ဒီလိုပဲ. အိတ်တွေယူမရတော့ ပိုဆိုးတယ်ဗျာ. အဲဒီလေယဉ်စိပ်ကလည်း သေအောင် အေးမှာ ညဘက်လည်း အအေးဖွင့်ထားတဲ့ ရေခဲတိုက်လေ။ အင်မီဂရေးရှင်းက ကိုကိုမမတွေကတော့ အနွေးထည်လေးတွေ နဲ့ဆိုတော့ . အပြင်မှာ ပူအိုက်ခဲ့တော့ ဒီထဲရောက်မှ ဆွစ်ဇလန် ရောက်နေတဲ့ ပုံတွေနဲ့. အလုပ်သမားတွေတော့ အေးလို့ သေတော့မယ်။ တစ်ချို့ဆို ထမင်းလာရောင်းတဲ့ လူရှိမှ ၀ယ်စားရတယ်ဗျ.. ထမင်းကလည်း ဈေးကြီးမှကြီး။ ကိုယ့်အထုတ်တွေ သယ်လို့ရအောင် လုပ်ပေးသင့်ပါတယ်ဗျာ။ အလုပ်သမားလည်း သူ့နိုင်ငံကို လာကူညီပေးတာပဲ။ ခွားခြားဖို့ မကောင်းပါဘူး။ ကျွန်တော်ကတော့ ဘာမှလုပ်ပေးလို့မရ၊ သူတို့ ကိုကြည့်ပြီးတော့ပဲ သနားစွာဖြင့် အင်မီဂရေးရှင်းကို ဖြတ်ခဲ့ရပါတယ်။
ဟုတ်ပါတယ် ကိုမင်းမင်းရေ ကျနော်ရောက်စဉ်အခါတုန်းကဖြင့် တစ်ချို့တစ်ချို့တွေက လေဆိပ်မှာ သုံးလေးငါးရက်ရှိနေပါပြီ သူတို့သူငယ်ချင်းများကို ဖုန်းဆက်ပေးဖို့အကူအညီတောင်းလို့ ကျနော် အပြင်ရောက်တဲ့အချိန်မှာ စေတနာ့ဝန်ထမ်းလုပ်ပေးလိုက်ရပါသေးတယ်၊ အင်မီဂရေးရှင်းနဲ့ရဲများ ကတော့ ဘာသိမှာလဲဗျာ သူတို့သိတာက ပိုက်ဆံနဲ့လူကိုဘယ်လို ရစ်ရမလဲ ဆိုတာပါဘဲ
Post a Comment