January 24, 2007

ရောက်တတ်ရာရာလေးများ(၁၇)

“အခွန်” ဒီအခွန်ဆိုတဲ့ အသံကြီး ကြားကိုလုံးဝမကြားချင်တာဗျာ...
ဟုတ်တယ်၊ ကျနော်စုထားဆောင်းထားတဲ့ပိုက်ဆံလေးများအကုန်ကိုပေးလိုက်ရတာကိုးဗျ၊ စဉ်းစားကြည့်လေဗျာ...ကျနော်တို့ကဒီမှာအလုပ်လာလုပ်သည်။
ရသည့် လခကတစ်ပဲခြောက်ပြား(လစာကောင်းသည့်သူများကိုမဆိုလို)မလေးရှားအစိုးရကိုလဲတစ်ခါပေးရသေးသည်၊ အမိမြေအတွက်လည်းတစ်ခါထပ်ပေးဆောင်ရသည်။ ဒီလိုမှန်းသိလျှင်မလေးရှားကိုအလုပ်လာလုပ်ရန်အတွက်ရင်းနှီးလိုက်ရသည့်ပိုက်ဆံလေးများအား
မြန်မာပြည်တွင်မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ဖွင့်ပြီး (၂)နှစ်လောက် အလုပ်လုပ်လိုက်ရလျှင်ဖြင့် ပိုက်ပိုက်လည်းတော်တော်စုမိမည်မည်သည့်အခွန်မှပေးဆောင်စရာမလို(စည်ပင် ခွန်တော့ရှိမည်)ဟု လူပြိန်းတွေးတွေးမိသည်။ မလေးရှားရောက်နေတာ(၂)နှစ်ကျော်ပြီစုမိဆောင်းမိဘာမှမရှိ..
အရပ်ပြောပြောလျှင် “စားပြီးသောက်ပြီး ခြေသလုံးကြီး”တာဘဲရှိသည်...
(တစ်ချို့ကြတော့လဲ“လက်မောင်းကြီး” ဟုပြောကြသည်။)မြန်မာပြည်ကလူများကတော့တော်တော်အထင်တကြီးရှိကြသည်...
ဒီကောင်ကွာနိုင်ငံခြားသွားပြီး(၂)နှစ်လောက်အလုပ်လုပ်လိုက်တာ တော်တော်စုမိဆောင်းမိရှိလာပြီဟုထင်တစ်လုံးဖြစ်နေလျှင်တော့ခက်မည်။ ဖြစ်လဲဖြစ်နေကြပါသည်...အရင်တစ်နေ့က အိမ်ကိုဖုန်းမဆက်တာလဲကြာပြီဖြစ်သဖြင့်ဖုန်းဆက်မိသည်၊ အိမ်မှလူများကမိမိကိုယ်အသားလွတ်အထင်ကြီးနေကြသည်။ အလိုလိုနေရင်းကုန်နေတာတော့
၎င်းတို့မသိကြ၊ကိုယ်တိုင်ကလဲ“ကဲထင်ချင်သလိုသာထင်ကြပေတော့”ဘာမှလဲရှင်းမပြချင်တော့ပေ။
အိမ်ကို ပြန်ရမှာလဲကြောက်နေမိသည်။ ဟုတ်တယ်လေ(၂)နှစ်ကျော်(၃)နှစ်လောက် အလုပ်သွားလုပ်တာပိုက်ဆံပါမလာဘူး ဆိုလျှင် အိမ်ကလူများ ဘယ်လိုထင်မည်လဲ ရှင်းရှင်းလေးပါ “ဒီကောင်နိုင်ငံရပ်ခြားတွင်မဟုတ်က ဟုတ်ကများလုပ်နေသည်”ဟု ထင်မှာမလွဲဧကန်။
“ပိုက်ဆံမပါတဲ့အပြင် ငါတို့ကဆေးကုပေးရမလားမသိ”ဟု ထင်နေလျှင်တော့သွားပြီဗျာ.... အခုတော့မောင်ဘုန်းမပြန်နိုင်ဖြစ်နေပါသည်ခင်ဗျား၊အမှန်ကမလေးသူလေး များနှင့်ချစ်နေကြိုက်နေမိ၍မပြန်နိုင်ခြင်းမဟုတ်.....ပိုက်ပိုက်မရှိ၍အိမ်ကိုမျက်နှာမပြရဲသဖြင့်သာ
မပြန်နိုင်ခြင်းဖြစ်သည်။ကျနော့်သူငယ်ချင်းတစ်ချို့ဆိုလျှင်အခွန်လည်းမဆောင်နိုင်သဖြင့်
မိမိတို့တိုင်းပြည်ရဲ့အရေးအကြီးဆုံးသောနိုင်ငံတော် တံဆိပ်တုံးအား အတုပြုလုပ်၍
passportပေါ်တွင်ခတ်နှိပ်ပြီးခပ်တည်တည်ဖြင့်WorkPermitလျှောက်နေကြသည်။
ကျနော့်အနေဖြင့် ထိုသို့ မပြုလုပ်ရဲသဖြင့်သာ အခွန်မှန်မှန်ပေးဆောင်နေခြင်း ဖြစ်သည်။
တိုင်းပြည်၏ ဂုဏ်သိက္ခာလည်းထိခိုက်သည် ဟုမြင်မိသည်။
ဒါပေမယ့် ဒီကောင်တွေကတော့ ဘာမှမဖြစ်၊ စိုးစဉ်းမျှလည်းစိုးရိမ်စိတ်မရှိကြ၊
၎င်းတို့ပြန်လျှင် မည်သို့မည်ပုံ ပြန်မည်လဲဟုစဉ်းစားတွေးတောနေမိသည်။
ခု Singapore နိုင်ငံတွင်ရှိသော Blog အပေါင်းအသင်းများထံမှကြားသိရသည်မှာ...
Double Texation Avoidance Initiative In Singaporeဆိုပြီးအခွန်နှစ်ခါမပေးဆောင်ရရေးနိုးဆော်လုပ်ဆောင်နေသည်ဟုကြားသိရသည်။
လုပ်ကြပါခင်ဗျား...အားပေးပါတယ်။ မိမိတို့ရဲ့ချွေးနည်းစာလေးတွေတော့အိမ်အရောက်ပြန်ပို့ချင်ပါတယ်(ဒါမှလဲမွေးရပ်မြေပြန်ပြီးအလှူလေးအတန်းလေးလုပ်နိုင်မှာကိုးဗျ)
ကျနော်နှင့် အလုပ်တစ်ခုတည်း အတူလုပ်ကြသော India များနှင့် Indonisiaများဆိုလျှင်ဘာအခွန်မှပေးဆောင်စရာမလို၊၄င်းတို့ရဲ့Passportသက်တမ်း ဆိုလျှင်လည်း၅နှစ်ရကြသည်
(Indiaဆိုလျှင်၁၀နှစ်ထိရှိသည်။) အကယ်၍၄င်းတို့အနေနှင့် passport သက်တမ်း တိုးမည်
ဆိုလျှင်လည်း အလွယ်တကူနှင့် ဆောင်ရွက်နိုင်ကြသည်။
ကောင်းပါ့ခင်ဗျား၊ တစ်ခါတစ်ခါတော့လည်း စိတ်ကူးယဉ်မိသည် ငါတို့နိုင်ငံလည်း ၄င်းတို့လိုဖြစ်လျှင် ဘယ်လောက်ကောင်းမည်လဲဟု........
(ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)စာအုပ်လေးကိုသွားသတိရမိသည်“လွမ်းဖွယ်မျှော်မော
ပန်းစွယ်တော်တောဝယ်”တဲ့ တော်တော် ဖတ်လို့ကောင်းသည်။)ဟဲ...ဟဲအရေးထဲ
စာအုပ်ကြော်ငြာဝင်နေရသေးတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရေ...ကြော်ငြာခပေးရမယ်နော်။အတော်ပဲအခွန်ဆောင်လိုက်ရလို့ ပိုက်ဆံကုန်သွားတာနဲ့..ဟီ..ဟီ...။

4 comments:

Anonymous said...

မြန်မာပြည်အတွက် တစ်နေရာမှာ ကောင်းကျိုးလုပ်ပေးနေရင် တစ်လကို ၁၀%ပေးရတာ ပေးပျော်ပါတယ်ရှင်။ အခုက လင်းလက်တို့ပေးသမျှက သူတို့သက်ဆိုးရှည်ဖို့ဖြစ်နေတယ်မို့ ပေးရတာ စေတနာတစ်စက်မှမရှိပါ။ သူများနိုင်ငံမှာ ခက်ခက်ခဲခဲရှာရတဲ့ ပိုက်ဆံတွေကို လူယုတ်မာကို ဆက်သရတာ မတန်ဘူးလေ။

A random thoughts of a Burmese man said...

အမိမြေကောင်းကျိုးအတွက် အသုံးပြုနေတယ်ဆိုရင် ကျနော်တို့ရဲ့ချွေးနဲစာတွေဟာ အလဟသ အဖြစ်ဘူး ပေါ့ခင်ဗျာ၊ အဲဒီပိုက်ဆံတွေဟာ ဘယ်ရောက်သွား မှန်းကိုမသိပါဘူးဗျာ

Anonymous said...

ဟုတ်တယ် ။ သူတို့ကိုပေးရတာ အတော်လေး မသထာစရာ ။ သူတို့ကို အခွန်သွားပေးတာတောင် မြန်မာသံရုံးက ရှစ်ခေါက်ချိုးမျက်နှာတွေနဲ့ ဆက်ဆံသေးတယ် ။

A random thoughts of a Burmese man said...

ဒီလိုပါဘဲ၊ မဂျစ်ရေ...
ကိုယ်က ပေးချင်နေတဲ့လူမဟုတ်လား...
သီးခံရတာပေါ့..ခင်ဗျာ...
သီးခံခြင်းသည် အောင်မြင်ရ၏တဲ့ ဟုတ်တယ်မဟုတ်လားဗျာ..