ကျနော် Blog တော်တော်များများကိုဖတ်ပါတယ်။ များသောအားဖြင့်တော့အဝေးရောက် အမိမြန်မာပြည်ကို လွမ်းကြလို့ရေးသားတဲ့သူတော်တော်များပါတယ်။ မြန်မာပြည်ကနေရေးသားတဲ့သူများလဲရှိပါတယ်။ ကျနော်လဲ အမိမြေကို လွမ်းရင်း၊ ကိုယ်အလုပ်လုပ်နေတဲ့နိုင်ငံအကြောင်း အများသူငါသိရအောင် နေ့စဉ်ဒိုင်ယာရီသဘော မျိုး ကိုယ်ရေးတတ်သလိုရေးသားရခြင်း ဖြစ်ပါတယ်။ အမှားအယွင်းများရှိခဲ့ရင်လည်း လာဖတ်တဲ့အပေါင်း အသင်း၊ရောင်းရင်းမိတ်ဆွေများအား အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ ဒီလ ကျနော်လဲBlogဘက်သို့ ခြေဦး မလှည့်နိုင် အလုပ်တော်တော်များနေသည်။ Passportလည်းသက်တမ်းတိုးရဦးမည်ဆိုတော့ မြန်မာသံရုံး သို့သွားရသေးသည်။ မြန်မာသံရုံးဆိုလို့ ကျနော်ကြုံတွေ့ရသည့် အခက်အခဲလေးများကိုပြောပြပါဦးမည်။ (ကျနော် နိုင်ငံရေး လုပ်နေခြင်းမဟုတ်ပါ။ ကြုံတွေ့ရသည့်အခက်အခဲကိုမိတ်ဆွေအပေါင်းအသင်းများအား ဝေမျှခြင်း သာ ဖြစ်သည်။ မြန်မာပြည်တော့ ပြန်ချင်ပါသေးသည်။)ကျနော့်တွင်အလုပ် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း(၂)ယောက်ရှိသည်။သူငယ်ချင်းဆိုပေမယ့်ငယ်ပေါင်းကြီးဖော်များမဟုတ်၊ မလေးရှားသို့လာရောက် အလုပ် လုပ်မည်ဆိုမှCallingတစ်ခုတည်းလာကျ၍အလုပ်အတူတူလုပ်ကြရင်း ငယ်ပေါင်းကြီးဖော်ပမာ ခင်မင် ရင်းနှီးသွားကြခြင်းဖြစ်သည်။ သူတို့နှင့်တိုင်ပင်လိုက်တော့မပြန်လိုကြသေးအလုပ် ဆက်လုပ်ဦးမည်ဆိုသဖြင့် သူဌေးကို ပြောပြခွင့်တောင်းပြီး ကျနော်တို့ မြန်မာသံရုံးသို့ Passportသက်တမ်းတိုးရန်အတွက်သွားရောက် ကြခြင်းဖြစ်သည်။ ကြားဖြတ်အနေနှင့်တစ်ခုပြောလိုသည်မှာကျနော်တို့ မြန်မာနိုင်ငံသားများအနေနှင့် passportထုတ်ပေးသည့်သက်တမ်းမှာအမျိုးမျိုးကွဲပြားနေသည်ဘာကြောင့်ရယ်တော့မသိ။ အရင်ရောက်နှင့်နေသူ များတွင်သက်တမ်း(၄)နှစ်ရသည့်သူများလည်းရှိသည်။ ကျနော်တို့ကျတော့(၃)နှစ်သက်တမ်းသာဖြစ်သည်။ မည်သို့ကြောင့် တစ်ပြေးညီမဖြစ်သည်ကို ကျနော်နားမလည်နိုင်ပါ။ ကျနော်တို့က မလေးရှားကိုမလာရောက် ခင်မြန်မာပြည်မှာကတည်းက အချိန်(၆)လလောက် ကုန်ခဲ့ရသဖြင့် Passportသက်တမ်းသည်(၃)နှစ်ဆိုပေ မယ့်(၃)နှစ်သက်တမ်းအပြည့်ရသည်မဟုတ်။ Work permit က (၂)နှစ်သာရသည်။ သည်တော့ passportသက်တမ်း(၄)နှစ်ရသည့်သူများကWorkpermit(၃)နှစ်ရသည်။ ကျနော်တို့(၃)နှစ်သက်တမ်းသမားများကတော့ (၂)နှစ်သာရသည်။ (၂)နှစ်သာရသည့်အတွက်ငွေကြေးအပြည့်အ၀စုမိဆောင်းမိခြင်းမရှိ၊အခွန်ဆောင်ရာတွင် အခက်အခဲ အနည်းနှင့်အများတော့ ဖြစ်ကြရသည်။ ဒီကြားထဲ Passportသက်တမ်းတိုးနေစဉ်ကာလအတွင်း အလုပ်ပျက်သည့်အတွက်လည်း လစာအဖြတ်ခံကြရသည်။ အဘက်ဘက်မှနစ်နာရသည်။ အဲဒါနဲ့ဘဲ အလုပ်(၁)ရက်ဖြတ်ပြီး အခွန်ဆောင် passportသက်တမ်းတိုး သွားရောက် ဆောင်ရွက်ကြသည်။ မြန်မာသံရုံးကို တော်တော်လေး ရှာယူရသည်။ ၂၀၀၆ ခုနှစ်အတွင်း ယခင်သံရုံးနေရာဟောင်းသည် မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် နေရာသစ်သို့ ရွှေပြောင်းသွားသည်။အရင်ရောက်ဖူးသည့် နောင်တော်များကိုလည်း မမေးမိတာ လည်းပါမည်။ သံရုံးရှာတွေ့လို့နေ့လည် (၁၁)နာရီကျော်နေပြီ အခွန်ပေးဆောင်မည့် သူများအား နေ့လည်(၁)နာရီအထိသာလက်ခံမည်ဟုကြားသိရသည်။ ကိုယ့်အရင်ရောက်နေသူများကလည်း (၁၀၀)ကျော်(၂၀၀)နီးပါးရှိနေသည်။ မည်သို့မျှမှီနိုင်စရာအကြောင်းမရှိတော့ဒါနှင့်ဘဲတစ်နေကုန်သွားရသည်။ အရင်ရောက် နေသည့်သူများ ပြောသည်ကတော့ သူတို့လည်း နံနက်(၄)နာရီလောက်ကတည်းက မိမိနေသည့်နေရာက ထွက်လာရသည် သံရုံးသို့နံနက်(၆)နာရီတွင် ရောက်နေကြသည်ဟုပြောကြသည်။ ကျနော်တို့အနေနှင့် နံနက်(၄)နာရီကတည်းက မိမိတို့နေထိုင် အလုပ်လုပ်ကိုင်သည့် နေရာမှ သံရုံးရှိသည့်နေရာသို့ သွားမည် ဆိုလျှင် Busကားနှင့်မည်သို့မျှမဖြစ်နိုင်Taxiနှင့်သာသွားရဖို့ရှိသည်။Taxiနှင့်ဆိုလျှင်လည်း၎င်းအချိန်ဆိုလျှင်Double Chargeပေးရဖို့ရှိသည်။ ကိုယ်ကိုတိုင်ကလည်း အမိမြန်မာပြည်အတွက် အခွန်ပေးဆောင်ချင်သည့် လူများဆိုတော့ နံနက်ခင်း(၄)နာရီထTaxiကိုနှစ်ဆပေးငှားပြီးသွား ကြရသည်။အဲဒါနှင့်စာရွက်စာတမ်းများဖြည့်ကိစ္စ၀ိစ္စ အလုံးစုံ အားဆောင်ရွက်ပြီးသောအခါ နောက်သုံးရက်ထပ်ချိန်းပြန်သည်။ သုံးရက်လောက်နေမှရမည်တဲ့ ပိုက်ဆံ အားလုံးတော့အပြီးအပြတ်ပေးထားခဲ့ရမည်တဲ့ (၂)နှစ်စာအခွန်တော်ငွေတစ်နှစ်လျှင် RM600နှုန်းနှင့် RM1200၊ ၄င်းအပြင်နောက်ကျကြေးတစ်လလျှင်RM5နှုန်းနှင့်(၂)နှစ်စာ RM120၊ စာအုပ်သက်တမ်းတိုးခဆိုပြီး RM600သက်သက်ထပ်တောင်းသေးသည်။ ကျနော် ကြားသိရသလောက် အမိမြန်မာပြည်တွင် အခွန်တော်ငွေ ပေးသွင်းပြီးသည်နှင့် စာအုပ်သက်တမ်းအားတိုးပေးသည်ဟုကြားသိရသည်။ ဒီမှာတော့သက်တမ်းတိုးခက သပ်သပ်ထပ်လောင်းပေးဆောင်ရသည်။ ကဲနောက်ဆုံးတော့ မဖြစ်မနေ သက်တမ်းဆက်တိုးမည့်သူများ ဆိုတော့ အကုန်လုံး ပေးဆောင်လိုက်ကြသည်။ ကျနော်တို့တွင် passportစာအုပ်များ မိမိတို့လက်ထဲ တွင်ကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် မလေးရှားရဲများဖမ်းလျှင် မည်သို့လုပ်ဆောင်ရမည်လဲမေးတော့ သံရုံးတာဝန်ရှိသူများက Recepit(၁)စောင်ထုတ်ပေးသည်။ ၄င်းစာရွက်ပေါ်တွင်ဆက်သွယ်ရမည့် ဖုန်းနံပါတ် လည်းရေးထားသည်။၎င်း နံပါတ်သည် မည်သည့်အချိန်ဆက်ဆက် ဖုန်းမကိုင်ဟု ကြုံဖူးကြသူများက ပြန်ပြောပြကြသည်။ မထူးတော့ပါဘူးလေ မလေးရဲများဖမ်းလျှင်တော့ကိုယ့်ထိုက်နှင့် ကိုယ့်ကံဘဲဟု သဘောထားကြရုံသာ ရှိတော့သည်။ ကျနော်တို့နှင့်အလုပ်တစ်နေရာတည်း အတူတူလုပ်ကြ သည့် Indonesia များနှင့် Indiaလူမျိုးများသည် passportသက်တမ်းတိုးခြင်းသည် ကျနော်တို့ ရွှေမြန်မာများ လောက်အလုပ်မရှုပ် ကြပေ တစ်နေတည်းနှင့်အပြီးအပြတ်ဆောင်ရွက်၍ရသည်။ အခွန်ကောက်ခံခြင်းလည်း မရှိဟု ကြားသိရသည်။ Indiaလူမျိုးများ၏Passportသက်တမ်းဆိုလျှင်(၁၀)နှစ်အထိရကြသည်။ ထို့အပြင်လည်းကောင်းလူမျိုးများသည် ဆောင်ရွက်ခ RM 50 လောက်နှင့်ပြီးပြတ်ကြသည်။ ကျနော် တို့လည်း ဒီလောက်ငွေ နှင့် passport သက်တမ်း (၁၀)နှစ်လောက်ရလျှင်ကောင်းမည် ဟု စိတ်ကူးယဉ်မိသည်။...
No comments:
Post a Comment