January 3, 2007

ရောက်တတ်ရာရာလေးများ(၂)

နှစ်သစ်တစ်နှစ်တော့ကူးပြောင်းသွားပြန်ပြီ။ ကိုယ့်ကိုကိုယ်လဲ ဘာတွေများ ပြောင်းလဲ လုပ်ကိုင် နိုင်ပြီလဲလို့ ပြန်ဆန်းစစ်ကြည့်မိသည်။ ဘာမှတော့ ထူးထူးထွေထွေပြောင်းလဲလာတာမရှိ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင် ဘာမှ မပြောင်းလဲ။ ပြောင်းလဲလာတာတစ်ခုဘဲရှိသည်၊ Blog ရေးဖြစ်ချင်းပင်။ အရင်ကတော့ ဒီလိုမဟုတ် ကိုယ်ရေးချင်တာ၊ ခံစားမိတာလေးများ ဒိုင်ယာရီထဲမှာသာ ချရေးထားခဲ့သည်။ ခု Blog ရေးတော့ သူများတွေလဲ ဖတ်ချင်ဖတ်၊ ကိုယ်လဲပြန်ဖတ်။ အကျိုးတစ်ခုတော့ ရလာလိမ့်မယ်လို့ ထင်မိသည်။
အရင်နှစ်များတုန်းကတော့ နှစ်သစ်ကို မကူးပြောင်းခင် နာရီပိုင်းအလိုများတွင် သူငယ်ချင်းများနှင့် KLCC Twin Tower ကိုသွားကြသည်။ သွားသည်ဆိုရုံလေးပါ၊ သူတို့ နှစ်သစ်ကို ဘယ်လိုများ ကြိုဆိုသလဲလို့ သွားကြည့်ကြခြင်းပါ၊ Kuala Lumpur Convention Center(KLCC) Twin Tower ကြီးကို ပတ်ပတ်လည် မီးအလှများဆင်ထားသည်။ ကောင်းကင်မှ လေးထီးများခုန်ချကြသည်။ လေထီးဆင်းလာရာတလျှောက်လုံးကို မီးဆလိုက်များဖြင့် ထိုးပြပြီး KLCC ကြီးကို တစ်ထပ်ချင်း မီးတွေဖွင့်သွားသည်။ ပြီးလျှင်တော့ မီးရူးမီးပန်းများ တဒိုင်းဒိုင်းဖောက်တော့တာပါဘဲ။ စတိတ်ရှိုးလဲရှိသည်။ လူတွေများလွန်းသဖြင့် ကျနော်တို့ သူငယ်ချင်းတစ်စု အဲဒီဘက်ကိုမသွားတော့။ ဒီလောက်နှင့်ဘဲ လှည့်ပြန်လာခဲ့ကြသည်။ ဒီနှစ်ကျမှ ကင်မရာကလဲ ပျက်နေသဖြင့် မည်သည့်ဓါတ်ပုံမှ မရိုက်နိုင်တော့ပါ။ ထူးမခြားနားကြိုဆိုလိုက်ရသည့် နှစ်တစ်နှစ်ဖြစ်သွားသည်။
မလေးရှားတွင်လဲ နှစ်သစ်ကို ထူးထူးခြားခြားမကြိုဆိုနိုင်ခြင်းမှာ အခြားအကြောင်းလဲရှိမည်ထင်သည်။ Johor ပြည်နယ်တွင် ရေကြီးနေသည်မှာ (၂)ပါတ်ကျော်ပြီ။ ကျောင်းဖွင့်ချိန်ရောက်နေပါလျှက်နှင့် ကလေးများ ကျောင်းမတက်နိုင်ကြ။ စာသင် ကျောင်းဆောင်များပါ ရေထဲ ၁၀ ပေလောက်ရောက်နေသည်။ လူ ၉၀ ကျော် အပျောက်အရှရှိသည်ဟု သတင်းကြားရသည်။ ၄င်းပြည်နယ်တွင် အလုပ်လုပ်နေသော ကိုရွှေမြန်မာများ အခြေအနေတော့ မည်သို့ရှိမည်မသိ၊ အနည်းနှင့်အများတော့ အထိအခိုက် ရှိနိုင်သည်။ သူတို့ Media များထဲ တွင်တော့ ကြေငြာခြင်းမပြု၊ ဖြစ်နိုင်သည်ကတော့ Visit Malaysia 2007 ကို ထိခိုက်မည်စိုးရိမ်သဖြင့် မကြေငြာ ခြင်းလည်း ဖြစ်နိုင်သည်။

No comments: