အများအားဖြင့်တော့ သူမတို့ ညီအစ်မတွေဟာ အိမ်ရဲ့ အဓိက အလုပ်ဖြစ်တဲ့ ရေခပ်သွားရင်ပဲ ကစားခဲ့တြာများပါတယ်။ ကျောင်းဆင်းလို့ အိမ်ရောက်တာနဲ့ ရေပုံးဆွဲပြီး အိမ်ကနေ ၁၅မိနစ်၊ မိနစ် ၂၀ လောက် လျှောက်ရတဲ့ ရေတွင်းကြီးဆီကို သွားကြရပါတယ်။ တစ်မိသားစုလုံး သုံးဖို့ရေကို ခပ်ရတာ ဖြစ်တဲ့ အတွက် ရေခပ်ချိန်ဟာ တစ်နာရီ၊ နှစ်နာရီ လောက်ကြာတတ်ပါတယ်။ သူတို့လိုပဲ ရေလာခပ်တဲ့သူတွေ များနေရင်လည်း ကိုယ့်ရေဆွဲဖို့ အလှည့်ကို စောင့်ကြည့် ရသေးတာမို့ စောင့်ရင်းပဲ ကစားခဲ့ကြတာပါပဲ။
ပူပင်တတ်တဲ့ မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ကြတဲ့အတိုင်း ဝေးဝေးလံလံ သွားတာမျိုး၊ တခြားလူစုရာမှာ သွားကစားတာမျိုးတွေ မရှိခဲ့ကြပါဘူး။ ရုပ်ရှင်သွားကြည့်ကြတဲ့အခါမျိုးမှာလည်း ဖခင်ဖြစ်သူ မန်းငြိမ်းမောင်နဲ့ပဲသွားကြရပါတယ်။
သူငယ်ချင်းအပေါင်းအသင်း
အစဉ်တစိုက် စွဲစွဲမြဲမြဲတွဲပြီး အချစ်ဆုံးသူငယ်ချင်းရယ်လို့ သူမဘ၀မှာ မရှိခဲ့ပါဘူး။ အတန်းတစ်တန်းပြီး တစ်တန်းတက်လာရင်း နီးစပ်တဲ့ အုပ်စုနဲ့ ခင်မင်သွားတာမျိုးရှိပေမယ့် နောက်တစ်တန်းတစ်တော့လည်း နောက်နီးစပ်လာတဲ့ အုပ်စုနဲ့ ခင်မင်သွားပြီး တွဲခဲ့တာပါပဲ၊ အနေနီးစပ် တယ်ဆိုတာကတော့ စရိုက်သဘောချင်း တူလို့ နီးစပ် ပေါင်းသင်းခဲ့မိတာကို ပြောတာပါ။ အထက်တန်းအောင်ပြီးတဲ့ အချိန်မှာ မော်လမြိုင် ဒေသ ကောလိပ်မှာ နှစ်နှစ်တက်ခဲ့ရပြီး ရန်ကုန် ဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့တဲ့ အခါမှာလည်း ရန်ကုန်ထဲကနေပြီးတက်တဲ့ နေ့ကျောင်းသား အုပ်စုနဲ့ နယ်ကလာပြီး တက်တဲ့ အဆောင်ကျောင်းသား အုပ်စုရယ်လို့ ရှိနေတဲ့အတွက် သူ့အုပ်စုနဲ့သူ သီးသီးသန့်သန့် ဖြစ်နေခဲ့ပါတယ်။ ဆေးကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ကွင်းဆင်းရတဲ့ အချိန်တွေမှာတော့ အုပ်စုချင်းပေါင်းစည်း သွားတာမျိုး ရှိခဲ့ပါတယ်။ အဲဒီ့အချိန်က အပေါင်းအသင်း သူငယ်ချင်းတွေကို တစ်ခါတစ်လေ သတိရတတ်တာမျိုး ရှိပေမယ့် တမ်းတလွမ်းဆွတ်တာမျိုး၊ တွေ့ချင်တာမျိုးတော့ သူမမှာ မရှိခဲ့ပါဘူး။
ဆေးကျောင်းသူဘ၀ အတွေ့အကြုံခံစားမှု
မော်လမြိုင် ဒေသကောလိပ်မှာ ဒုတိယနှစ်တက်အပြီး အဲဒီ့အချိန်က စနစ်အရ ဆယ်တန်းရမှတ်နဲ့ ဒေသကောလိပ် နှစ်နှစ် ရမှတ်ပေါင်းပြီး ပျမ်းမျှ အမှတ် သတ်မှတ်ချက်အရ သူမ ဆေးတက္ကသိုလ် ၀င်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဆေးတက္ကသိုလ်ကို စတင်တက်ရောက်ခဲ့တဲ့ နှစ်ကတော့ ၁၉၈၀ ခုနှစ် ဖြစ်ပြီး 2nd MB က စတက်ခဲ့ရပါတယ်။ အဲဒီ့အချိန်က နယ်တက္ကသိုလ်က လာတတ်တဲ့ ကျောင်းသား ကျောင်းသူတွေကို အဆောင်နေခွင့် ပေးနေသေးတဲ့ အချိန်ဖြစ်လို့ သူမ သီတာဆောင်မှာ နေခွင့်ရခဲ့ပါတယ်။ အဲဒီအဆောင်နေ ကျောင်းသူ ဘ၀မှာလည်း အဆောင် စည်းကမ်းအရ တစ်နှစ်တစ်ခါ အခန်း ပြောင်းကြရတဲ့အတွက် အခန်းဖော်အဖြစ် သတ်သတ်မှတ်မှတ် တွဲသွားခဲ့မိတဲ့ သူငယ်ချင်းဆိုတာ မျိုးမရှိခဲ့ပါဘူး။ မှတ်မှတ်ရရ နေခဲ့ရတဲ့အချိန်မှာ သိပ်ပြီး သက်တောင့်သက်သာ မရှိခဲ့တာပါဘဲ။ မနက်မိုးလင်းတဲ့အခါ ရေချိုးခန်းမှာ ရေမရတာမျိုး၊ မြောက်ဥက္ကလာ ဆေးကျောင်းမှာ သွားတက်ရတဲ့ အချိန်မှာ နေစာသင်ချိန်အပြီး အဆောင်ပြန်ဖို့ ဘူတာရုံကို အချိန်မှီ အပြေးအလွှားသွားရတာမျိုး၊ ရထားမမီ လိုက်တာမျိုးတွေ မကြာခဏ ဆိုသလို ကြုံတွေ့ခဲ့ရတဲ့အတွက် ပေါ့လေ။ နောက်သူမ ဆေးကျောင်းတက်တဲ့အချိန်ဟ မြန်မာပြည်ကြီး တစ်စထက် တစ်စ ပျက်စီး ယိုယွင်းစပြုနေတဲ့ အချိန် ဖြစ်ပါတယ် အတန်းတွေ ရွှေ့ပေးရတာ၊ ဖျက်ပေးရတာမျိုးတွေ မကြာခဏ ဖြစ်နေခဲ့ပါပြီ။ တက္ကသိုလ် နယ်မြေအသီးသီးမှာလည်း အစိုးရရဲ့ အကျင့်ပျက်ပြား ခြစား လောက်ကိုက်မှုတွေ၊ မတရားမှုတွေ အကြောင်း တီးတိုး ပြောဆိုမှုတွေ များလာသလို အပြောင်းအလဲ တစ်ခုခုကို တောင့်တ ပြောဆိုမှုတွေ ရှိလာခဲ့ပါပြီ။ သူမတို့ ကျောင်းသး ကျောင်းသူတွေ အနေနဲ့ ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းကို မေးတတ်လာခဲ့ပါတယ်။ စင်သီယာမောင်ကတော့ နိုင်ငံရေးကို သိပ်စိတ်ဝင်တစား မရှိခဲ့တာ အမှန်ပါပဲ။ သူမက မိန်းကလေး သူငယ်ချင်းတွေနဲ့ သစ်ပင်ရိပ်ကောင်းကောင်း အောက်မှာ အတင်းပြောရတာ၊ အစိုးရရဲ့ ခြစား လောက်ကိုက်မှုတွေ ပြောရတာကို အတန်းတက်တာထက် ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။ သိပ်ပျင်းလာရင် ကျောင်းကလစ်ပြီး ရုပ်ရှင်ကြည့်တာမျိုးတွေ လုပ်တတ်လာပါတယ်။ အတန်းတက်ဖြစ်တဲ့ အချိန်တွေမှာလည်း ဆရာတွေ ရှေ့က သင်ကြားပို့ချရင်း သင်ပုန်းပေါ်မှာ ရေးပြသွားတာကို လိုက်ကူရင်ကူး မကူးတဲ့အခါမျိုးဆိုရင်လည်း အိပ်ငိုက်နေတတ်ခဲ့သူ ဖြစ်ပါတယ်။
သင်ကြား ပို့ချက်တဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ကတော့ သူမက အားလုံးလေက်နီးပါးကို သဘောကျ နှစ်သက်ခဲ့ပါတယ်။ ၀ါရင့်ဆရာ၊ ဆရာမကြီးတွေရဲ့ အွေ့အကြုံနဲ့ယှဉ်တဲ့ သင်ကြား ပို့ချမှုတွေကို နှစ်သက်ခဲ့သလို ငယ်ရွယ်သူ ဆရာ၊ ဆရာမတွေရဲ့တိကျ သေချာတဲ့ အချက်အလက် အကိုးအကားနဲ့ သင်ကြားမှုတွေပေါ်မှာလည်း နှစ်သက် သဘောကျခဲ့တာပါပဲ။
ဆေးကျောင်းသူ ဘ၀မှာ ပညာသင်နေစဉ်ကာလ အတွင်း တစ်ပါတ်တစ်ခါ နှစ်ပါတ်တစ်ခါဆိုသလို ရန်ကုန်မြို့ထဲ သွားပြီး လည်ပတ်ခဲ့တာမျိုး လုပ်ခဲ့ပေမယ့် လည်ပတ်သွားဖို့ သိပ် စိတ်မ၀င်စား ခဲပါဘူး။ ရက်ရှည်ကျောင်းပိတ်တဲ့ အခါမျိုးမှာတော့ သူမ တစ်ခါမှ မရောက်ဘူးသေးတဲ့ မြစ်ကြီးနား၊ ပျဉ်းမနား စတဲ့ မြို့မျိုးတွေ၊ မြစ်ဝကျွန်းပေါ်က မြောင်းမြလို မြို့မျိုးတွေကို သူငယ်ချင်းတွေနဲ့ လိုက်သွားခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
သူမ နောက်ဆုံးနှစ် ဆေးကျောင်းသူ ဖြစ်လာတဲ့အချိန်မှာတော့ သူမတို့ သူငယ်ချင်းတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာရတော့မယ် ဆိုတဲ့ ခံစားမှုနဲ့ ၀မ်းနည်း စိတ်မကောင်းဖြစ်ကြ သလို၊ အလုပ်သင်ဆရာဝန် ကာလ ပြီးသွားကြရင် ဘာလုပ်ကြမလဲ၊ အစိုးရအလုပ် ၀င်လုပ်မလား၊ သမ၀ါယမ ဆေးခန်းထိုင်မလား၊ ဆေးပဲ ရောင်းစားကြရမလား စသည်ဖြင့် မရေရာလှတဲ့ အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာ ရေရေရာရာ မပြောနိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ပဲ အများနည်းတူ သူမ နောက်ဆုံးနှစ် စာမေးပွဲကို ဖြေဆို အောင်မြင်ခဲ့ပါတယ်။

1 comment:
လေးစားစရာကောင်းတဲ့ဒေါက်တာစင်သီယာမောင်
အကြောင်းရေးထားတာဖတ်ရလို.ကျေးဇူးတင်ပါတယ်
Post a Comment