December 11, 2007

``Gtalk မှာ အဖွဲ့လိုက် Chat ကြမယ်´´

ဘလော့ဂ်ဖော် မိတ်ဖက်များအားလုံးနဲ့၊ ကျနော့် ဘလော့ဂ်ကို အချိန်မှန် လာရောက်ဖတ်ရှု ပေးနေကြတဲ့ မိတ်ဆွေ အပေါင်းအသင်း များကို ဒီပို့စ်နဲ့ အတူ အနူးအညွှတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် ဘလော့ဂ်ရေးခြင်းကို စွန့်လွှတ်မယ်လို့ ဆုံးဖြတ်ပြီး ကျနော်ရဲ့ ဘလော့ဂ်ကို ကာလ အတန်ကြာ ပိတ်ထားခဲ့မိလို့ဘဲ ဖြစ်ပါတယ်။ ကျနော် မြန်မာပြည်ကို ခေတ္တခဏ ပြန်သွားခဲ့စဉ်အချိန်မှာ အဖြစ်အပျက်ပေါင်း များစွာကို ဘလော့ဂ်ဂါ သူငယ်ချင်းများနဲ့ အတူ ရင်ဆိုင် ဖြတ်သန်းခဲ့ရပါတယ်။ အတူလက်တွဲပြီး ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေကို ဖန်တီးခဲ့ကြပြီး ကျနော် မြန်မာပြည်မှာ ကုန်လွန် ဖြတ်သန်းခဲ့တဲ့ နှစ်လနီးပါး အချိန် အတိုင်း အတာလေးဟာ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူးလို့ ကျနော် ထင်မြင်ယူဆမိပါတယ်။ ဒါပေမယ့် ခင်ဗျာ ``လူ အမျိုးမျိုး၊ စိတ်အထွေထွေ´´ မဟုတ်လား ခင်ဗျာ။ ကျနော့် အပေါ်မှာ တစ်ချို့ တစ်ချို့ တွေရဲ့ အထင် အမြင် လွှဲမှားမှုတွေကို မြင်လာရတဲ့ အခါမှာတော့ ကျနော်ဟာ အလွန်မှ စိတ်ခံစားမှုကိုဦးစားပေးသူ ပီပီ ကျနော် လေးစား တန်ဖိုးထားတဲ့ ဘလော့လေးကို ပိတ်ပစ်ပြီး ဘလော့ဂ်လောက ကနေ အပြီးတိုင် ထွက်သွားတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိပါတယ်။ နောင်တော့ ဒါဟာ ရင်မဆိုင်ရဲလို့ ရှောင်ပြေးနေတာနဲ့တူနေလိမ့်မယ် လို့ ထင်မြင်ယူဆမိတဲ့အတွက် ကျနော့်ကိုယ် အထင်လွဲနေမှုများ အား အချိန်အတိုင်းအတာယူ ဖြေရှင်းပြီး၊ ကျနော် ဘလော့ဂ်လေးအား ပြန်လည် ဖွင့်လှစ်ရေးသားခြင်းပါခင်ဗျာ။

ကျနော် ရန်ကုန်မှာ ရှိစဉ် အချိန်တုန်းက ဘလော့ဂ်ဖော် သူငယ်ချင်း တစ်ဦးဖြစ်တဲ့ မဘာညာ ရဲ့ ကျေးဇူးကြောင့် ကျနော်တို့ မြန်မာဘလော့ဂ်များနှင့် မြန်မာပြည် ပရိတ်သတ်များ အသုံးအများဆုံး၊ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်တဲ့ Gtalk မှာ အုပ်စု လိုက် Chatting လုပ်တဲ့ Feature လေးကို ကျနော်တို့ အသုံးပြုဖြစ်ပါတယ်။ ဒီနေ့မှာ ဘာညာ့အား အွန်လိုင်းပေါ်မှာတွေ့တာနဲ့ ဒီ Gtalk Feature လေးကို ဘယ်သူ ရေးထားသေးလဲလို့ ဆက်သွယ်မေးမြန်းကြည့်တော့ ဘယ်သူမှ မရေးရသေးဘူးဆိုတာရယ်၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း Chatting လုပ်ခြင်းထက် အုပ်စုလိုက် Chatting လုပ်ခြင်းကို ပိုပြီးခုံမင်တတ်တဲ့ သူငယ်ချင်းများအတွက် ဒီပို့စ်လေးကိုရေးသားရခြင်းဖြစ်ပါတယ်။ Gtalk Group Chat ကို Google ၀န်ထမ်း တစ်ဦးဖြစ်တဲ့ Akshay Patil ဆိုသူက December 2005 မှာ စတင် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

Let's Start Gtalk party Chat!!!!!!!

ကျနော်တို့ အသုံးပြုနေကျ Gtalk မှာ အုပ်စုလိုက် Chatting လုပ်လို့ ရနိုင်မယ့် Feature တစ်ခု ပါရှိပါတယ်။ လူသိနည်းနေသေးလို့သာ အသုံးဝင်မှန်း မသိကြတာပါ။ အင်မတန်မှလည်း ရိုးစင်းလွယ်ကူပါတယ်။ ပထမဦးဆုံး အနေနဲ့ကတော့ gtalk မှာ partychat@gmail.com ကို မိမိသူငယ်ချင်းများကို chatting လုပ်ဖို့ ဖိတ်ကြားသလိုဘဲ Add လုပ်လိုက်ပါခင်ဗျာ။ ၄င်း partychat ဟာ ချက်တင် ပြုလုပ်ဖို့အတွက် မီးအစိမ်းလေး လင်းလာပါလိမ့်မယ်။ (partychat@gmail.com မရလို့ရှိလျှင် partychat1 စသည့်ဖြင့် 1 မှ 9 အထိ ရှိပါတယ်။)




၎င်း မီးအစိမ်းလေး လင်းလာ ပြီဆိုလျှင်ဖြင့် စတင်ချက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ နောက်တစ်ဆင့် လုပ်ရမှာက မိမိလိုချင်တဲ့ Chat Room ကို မိမိဘာသာ တည်ဆောက်ယူရမှာဖြစ်ပါတယ်။ မိမိ ၀င်စေချင်တဲ့ User တွေကို တော့ Password နှင့် Room Name ကို ပြောပြထားပြီး ၀င်ရောက်စေရမှာ ဖြစ်ပါတယ်။ Partychat@gmail.com ပေါ်မှာ ကလစ် တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် Chat Room ပြုလုပ်ဖို့ အတွက်ကတော့ /create room name password လို့ ရိုက်ထည့်လိုက်ရုံပါဘဲခင်ဗျာ။ (/create)ဆိုတာကတော့ Command ဖြစ်ပြီးတော့ Room Name နှင့် Password နေရာမှာတော့ မိမိကြိုက်နှစ်သက်သလို ပေးလို့ရပါတယ် ခင်ဗျာ။

၎င်း Chat Room သို့ ၀င်ရောက်ချင်သော သူများအနေနှင့် /join RoomName Password ကိုရိုက်နှိပ်ပြီး ၀င်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုလျှင် မိမိနှင့် အတူတူ စကားပြောလို ကြတဲ့ အပေါင်းသင်းများကို ဖိတ်ခေါ်ပြီး အုပ်စုလိုက် ချက်တင် လုပ်လို့ရပါပြီခင်ဗျာ။ အရေးကြီးတဲ့ နောက်ထပ် Command များကို ထပ်မံ ဖော်ပြပေးပါ့မယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ Group Chat လုပ်နေစဉ် အချိန်အတွင်းမှာ Chat Screen Box ကို အကြီးချဲ့ထားဖို့ မမေ့ရန် အထူး သတိပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိဖိတ်ကြားထားတဲ့လူတွေ Chat Room ထဲကို ရောက်လာတဲ့ အခါမှာ ၀မ်းသာ အားရ နှုတ်ဆက်ကြတော့ စာတစ်ကြောင်း တစ်ကြောင်း တက်တာ အလွန်မြန်ဆန်တဲ့အတွက်ကြောင့် Chat Screen Box ကို ပုံမှန် Gtalk Chat လို သေးသေးလေး ထားထားမယ် ဆိုလျှင်ဖြင့် မူးမေ့၊ အော့အန်ပြီး မိမိ ပါတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်ရလို့ပါခင်ဗျာ။ (:P)

/create RoomName Password (Chat Room တစ်ခု ပြုလုပ်ရန်)
/join RoomName Password (Chat Room သို့ ၀င်ရောက်ရန်)
/alias Nickname (မိမိ နှစ်သက်သလို နာမည်ပြောင်းရန်)
/list (Chat Room ထဲတွင် ရောက်ရှိနေသည့် လူဦးရေ ကိုကြည့်ရှုရန်)
/whisper Name (မိမိပြောလိုသည့် တစ်ဦးတည်းသာ မြင်စေ၊ သိစေရန်)
/leave (Chat Room ထဲမှ ထွက်ခွာရန်)


No comments: