အမိမြေကို ပြီးခဲ့တဲ့လ (၂၆)ရက်နေ့က ပြန်ရောက်တယ်၊ ပြန်ရောက်ရောက်ချင်း လေဆိပ်မှာ အချိန်တော်တော် ကြာသွားတာနဲ့ ဘယ်ကိုမှ မရောက်ဖြစ်လိုက်ဘူး၊ ကားခတွေက ကြောက်ခမန်းလိလိကို တက်ကုန်တာ လေဆိပ် ကနေအိမ်ကို ပြန်ဖို့ Taxi ငှားတော့ အိမ်အထိကို လေးထောင့် ငါးရာတဲ့၊ ကားဆရာကို ဈေးဆစ်တော့ ကားဆရာကတောင် ကိုယ့်ကို စိတ်ဆိုးသေးတယ်။ မတတ်နိုင်တဲ့ အဆုံးတော့ ပေးလိုက်ရတာပါဘဲ။ အဖေနဲ့ အမေတောင်ကိုယ့်ကို သိပ်မမှတ်မိဘူး ဖြစ်နေတယ်။ လ၀က ကောင်တာမှာ နားမှာ အလုပ်ရှုပ်နေတုန်း အိမ်က ဘယ်သူလာမလဲလို့ လှမ်းကြည့်လိုက်တော့ အဖေနဲ့အမေကို ကိုယ်က လှမ်းတွေ့လိုက်တော့ ၀မ်းသာအားရ လက်လှမ်းပြလိုက်တော့ သူတို့က သူတို့နောက်က လူကို လက်လှမ်းပြတယ် ထင်ပြီး ဟိုဘက်ကို လှည့်သွားကြတယ်။ ဟုတ်တယ်လေ အရင်တုန်းကနဲ့မှ တူမှ မတူ တော့တာ ဒီကနေ ထွက်သွားတုန်းက ကတုံးဆံပင်ပေါက်နဲ့ ပြန်လာတော့ ဆံပင်က တော်တော်ရှည်နေပြီ။ ဒါတောင် ကြည့်မကောင်းမှာ ဆိုးလို့ ပြန်ခါနီး ဆံပင်ကို နည်းနည်း ကိုက်ထားလို့သာ နောက်မို့ဆို လမ်းသရဲ လို့များ ထင်ကြမလား မသိ။ နောက် တစ်နေ့ကျတော့ မြို့ထဲကို သွားဖြစ်တယ်။ ကားစပယ်ယာကို ငါးဆယ်တန် ထုတ်ပေးလိုက်တာ “ဘယ်သွားမှာလဲ” လို့ ပြန်မေးတော့ “မြို့ထဲ” လို့ ကျနော်ပြန်ဖြေတော့(၁၀၀)တဲ့။ ကျနော် အရင်သွားတုန်းက မြို့ထဲဆို(၂၀)ဘဲ။ “အင်းလေ” စက်သုံးဆီဈေးတွေကလဲ တက်ကုန်တာကိုး။ ယဉ်စီးခတွေလဲ ဒီလောက်တော့ တက်မှာပေါ့။ အတက်သာရှိပြီး အကျမရှိတဲ့ ကုန်ဈေးနှုန်းတွေကိုလဲ စိတ်ကုန်ပါတယ်။ ပန်းဆိုးတန်းလမ်းက “အမေ့အိမ်” စာအုပ်ဆိုင်မှာ ဖတ်ချင်တဲ့ စာအုပ်တစ်ချို့ သွားရှာ ဖြစ်တယ်။ စာအုပ်ဈေးတွေလည်း တက်တာပါဘဲ။ ပြီးတော့ ဘူတာကြီးဂုံးကျော်တံတားနားက “လားရှိုး ခုနှစ်လွှာ ပေါက်ဆီ” ဆိုင်ကို သွားပြီး လဘက်ရည် သောက်ဖြစ်တယ်။ လဘက်ရည် တစ်ခွက်နဲ့ ပေါက်ဆီတစ်လုံးကို (၅၅၀ိ/-)တဲ့။ တော်ပြီ နောက်နေ့တွေဆို အပြင်ရောက်ရင် ဘယ်လဘက်ရည်ဆိုင်မှ မထိုင်တော့ဘူး။ လဘက်ရည်သောက်ပြီးတော့ ခံတွင်းကချဉ်လာပြီ London လေး တစ်လိပ်လောက်တော့ ခဲလိုက်ဦးမှ ဆိုပြီး နီးတဲ့ ကွမ်းယာဆိုင်မှာ “လန်ဒန်တစ်လိပ်လောက်လို့” ပြောပြီး တစ်ရာတန် တစ်ရွက်ထုတ်ပေးလိုက်တာ ကွမ်းယာသည်က ကျနော် ပေးတဲ့ ပိုက်ဆံကို ခွက်ထဲကို ဖျက်ကနဲဆို ပစ်ထည့်လိုက်ပြီး ဟိုဘက်ကလူနဲ့ စကားပြောနေတော့ ကျနော်က သူမေ့နေတယ်ထင်ပြီး “အစ်ကို ပိုက်ဆံ ပြန်အမ်းရဦးမယ်လေ” ဆိုတော့ ကွမ်းယာသည်က “လန်ဒန် တစ်လိပ်ကို တစ်ရာ၊ နှစ်ရာဖိုးသုံးလိပ်” လို့ ဆောင့်ကြီးအောင့်ကြီး ပြန်ပြောတော့ ကျနော်လဲ အသာ လေး လစ်ထွက် လာခဲ့လိုက်တယ်။ ပြီးတော့ မြေနီကုန်းက Service + ကိုသွားပြီး ကျနော့်ရဲ့ မညလေး ၀ယ်ပေး လိုက်တဲ့ ချောကလက်တွေကို ဘာညာတို့ ဆီကို သွားပေးဖြစ်တယ်။ ဟိုရောက်တော့ မဘာညာ က မရှိဘူး၊ ဘယ်သွားလဲလို့ Reception ကို မေးလိုက်တော့ “အစ်ကိုနာမည် ဘယ်သူလဲ” တဲ့ “ကျနော် ကျော်ဇေယျပါ” လို့ ပြောလိုက်တော့ “အစ်ကိုလာရင် စောင့်နေပါလို့” မှာသွားပါတယ်တဲ့။ အင်းလေ စောင့်ရတော့မှာပေါ့ ကိုယ်က “ချောကလက်ကျွေးရမယ့်သူဘဲ” ဆိုပြီး ထိုင်စောင့်နေတုန်း။ ဟိုဘက် စာသင်ခန်းက လူတစ်ယောက် ထွက်လာပြီး ကျနော့်ကို လာမေးပါတယ် “အစ်ကိုတို့ သင်တန်းတက်မလို့လား” ဆိုတော့ ကျနော်က “မဟုတ်ပါ ဘူး၊ ဘာညာ့ ကို လာစောင့်တာပါ” လို့ ဆိုတော့ သူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျနော် “ဘလာဂေါက်” ပါတဲ့ ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည် တစ်ကယ့် အရိုးဂေါက်ဂတ်နဲ့ အင်း “ဘလာဂေါက်”လို့ နာမည်ပေးမယ်ဆိုလဲ ပေးစရာပါဘဲလို့ မိမိဘာသာ စိတ်ထဲက မှတ်ချက်ချမိတယ်။ သူကတော့ သိရှာမယ် မထင်ဘူး။ ကဲ တော်တော် လဲရှည်သွားပြီ နောက်တစ်ရက်မှ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပြီး၊ လုပ်ဖြစ်ခဲ့တဲ့ ဆီမီနာ အကြောင်း ထပ်ရေးဦးမယ်...အိပ်ချင်ပြီး ၀ါး ၀ါး ၀ါး ။ အိပ်တော့မယ်....
3 comments:
သတင်းမပေး ဘာမပေးနဲ့ မြန်မာပြည် ပြန်သွားတာကိုးကွ...။ ပုံလေးတွေတွေနဲ့ဆို ပိုမိုက်မယ်။ လူရင်းမို့ ပြောပါအုံးမယ်။ မင်းကို စာရေးရင် အပိုဒ်လေးတွေ ခွဲပေးပါလို့ ပြောတာ အခါပေါင်း တသိန်းလောက် ရှိပြီထင်တယ်။ မင်းစာလာလာဖတ်ရတာ ဘီယာ နှစ်ဗူးစာလောက် မူးမူးသွားတယ်။ အပြွတ်လိုက်ကြီး။ ဟီး။
သူများတွေ မြန်မာပြည် ကိုပြန် တာတွေချည်း ဖတ်နေ ရတယ်။ ကိုယ် ကိုယ်တိုင် လည်း ဒီလို စာမျိုး ဘယ် အချိန်များ ရေးနိုင်ပါ့ မလည်း၊ ကလိုစေးထူး ပြော သလို ဓာတ်ပုံ လေး တွေကြည့် ချင်တယ်။
Post a Comment