April 23, 2007

ဘလော့တဲ့ဗျို့...

ခုတလော ကျော်ကြီးတို့ အနောက်ခြောက်ကန် ရွာလေးတွင် အခြေအနေတစ်ခု ဖြစ်ပေါ် ပြောင်းလဲ နေသည်။ အရင်တုန်းက ဆိုလျှင် နံနက်ဝေလီဝေလင်းဆိုတာနဲ့ ပဲပြုတ်သည် မိအေးရဲ့
“ပဲ....ပြုတ်” ဆိုတဲ့ အသံနဲ့
အီကြာကွေးသည် ငပိန်ရဲ့
“အီကြာကွေးပူပူလေး...ရမယ်” ဆိုတဲ့
နံနက်ချိန်ခါတေးသံသာများ မကြားရတာဖြင့် တစ်လ ကိုးသီတင်းလောက်ရှိနေပြီ။ဘယ်ကြားရလိမ့်မတုန်း ခေတ်တစ်ခေတ်ရဲ့ ဖြစ်ပေါ်ပြောင်းလဲ နေတဲ့ အခြေအနေနှင့် လိုက်လျော်ညီထွေးစွာဖြင့် အိမ်တိုင်း အိမ်တိုင်း တွင် ကွန်ပျူတာနှင့် အင်တာနက်ချိတ်ဆက်၍ မိမိတို့ရဲ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည် တို့အား အင်တာနက်ကြီးထဲတွင် အလကားရသော Blog ဆိုသည့် Web Hosting တစ်ခုဖြင့် ထိုင်ရာမထ လုပ်ဆောင်နေကြပေပြီ။

ပဲပြုတ်သည် မအေးရဲ့ Blog ကိုကြည့်လိုက်ကြပါဦး
“သန့်ရှင်းလက်ဆတ်၍ အနံ့အရသာနှင့်ပြည့်စုံသော စား တော်ပဲပြုတ်ရမည်” တဲ့၊
“၀ယ်ယူသုံးဆောင်လိုသူများအနေဖြင့် Blog တွင်းရှိ Cbox တွင် လိပ်စာ အပြည့် အစုံ နှင့်ဘယ်ရွေ့ဘယ်မျှဟူ ၍ ရေးသားလိုက်ရုံဖြင့် အိမ်တိုင်ယာရောက် လိုက်လံ ပို့ဆောင်ပေးမည်” တဲ့
သူရဲ့ အိမ်မှာ ရှိတဲ့ ကွန်ပျူတာလေးကို ခြောက်ချက် ခြောက်ချက်နှိပ်ပြီး Blog တွင် ကြော်ငြာတင်လိုက်သည်။ အရင်တုန်းကလို့ အရပ်တကာလှည့်၍ ခြေသလုံးကြီးအောင် လိုက်ရောင်းနေစရာမလိုတော့၊ Blogတွင် ကြော်ငြာ တင်လိုက်ရုံသာ၊ ကုန်းကြမ်း အတွက်လည်း ထူးထွေ ကိစ္စများ နေစရာမလို
“အရည်အသွေးမြင့်မားသော စားတော်ပဲ အလိုရှိသည်” ဟု
မိမိရဲ့ Blog တွင် ကြော်ငြာလိုက်ယုံသာ၊ ရောင်းလိုသူများ အနေဖြင့် မိမိ Blog ရှိ Cbox တွင် ဘယ်ရွေ့ ဘယ်မျှ ဈေးနှုန်းနှင့် အချိန်မည်မျှ ရှိသည် ဆိုတာကိုပါ တစ်ခါတည်း Information လာပေး ပေလိမ့်မည်။
ငပိန်ကလည်း ထိုနည်းလည်းကောင်း သူ့ရဲ့ Blog မှာ
“အီကြာကွေးကြော် ပူပူနွေးနွေး ရပြီ” လို့
၎င်းရဲ့ အီကြာကွေး ကောင်းကြောင်းကို ချီးမွှန်းခန်းဋီကာဖွင့်ပြီး Blog ကိုကြည့်လိုက်တာနှင့် လက်ဘက်ရည် ချိုစိမ့်စိမ့် လေး တစ်ခွက် ပြေးဝယ်၍ သူ့ရဲ့ အီကြာကွေးနဲ့ ချက်ခြင်း လက်ငင်းတို့စားချင်လောက်အောင်ကို ဓါတ်ပုံများ ဝေေ၀ဆာဆာဖြင့် အပီအပြင် ကြော်ငြာ ပြစ်လိုက်သည်။ ဂျုံနှင့် အကြော်ခံ ဆီအတွက်လည်း အရင်လို ဈေးသို့ ခြေတို အောင်သွားဝယ်စရာမလိုတော့ပေ၊ သက်သာလိုက်သည့် ဖြစ်ခြင်း။
အနှိပ်သည် ဦးထွားကြီး ကလည်း အရင်လို အိမ်တကာလှည့်၍
“အနှိပ်ခံကြဦးမလား” ဟု မေးနေစရာ မလိုတော့
“အလုပ်တွေ အလွန်များ၍ ညောင်းညာ ကိုက်ခဲနေသလား”
“ကွန်ပျူတာအကြည့်များ၍ ဇတ်ကြောတွေ တက်နေသလား”
“အကြောတက်စာတွေ အစားများလွန်း သဖြင့် အကြောမျိုးစုံ တက်နေသလား”
“၀ိဇ္ဖာတစ်ထောင် အကြောပြေဆေးကို စားစရာမလို”
“ဘုရင့်အနှိပ်တော် ရွာစားကြီး ဆရာကားရဲ့မြစ် အကြောတစ်ကာ့ထိပ်ခေါင် ဆရာထွားနှင့် တွေ့လျှင် ပျောက်ပြီလို့သာမှတ်”
အဲသလို Blog ဖတ်ရတဲ့သူ ချက်ချင်းသူ့ဆီပြေးလာပြီး အနှိပ်ခံချင် သွားအောင် Blog Template ကို
အဆန်းကြယ်ဆုံးသော Design များဖြင့် ပြုလုပ်ပြီး ကြော်ငြာထားသည်။
နေညိုညို ရေခပ်ဆင်းသည့် လုံမပျို များကလည်း
“ဟဲ့ ကောင်မတွေ မနေ့က ကိုရင်သာဗျောကြီးရဲ့ Blog ကို ဖတ်ပြီးသွား ပြီလား”
“ဟဲ့ ဘာရေးထားလို့တုန်း”
“အိုအေ သူ့ရီးစား ရင်မြနဲ့ပေါ့ စကားများ စိတ်ကောက်နေလို့တဲ့ Blogမှာ ချော့ထား
လိုက်တာမှ စုံလို့ပါဘဲအေ”
“ ဘာလဲ ညဉ်းက ကြားထဲက ၀င် အလွမ်းသယ်ချင်နေတလား”
“ပေါက်ပေါက် ရှာရှာတော် သူ့မှာဖြင့် သူ့ကောင်မ ရင်မြနဲ့ စိတ်ကူးထဲတောင်မထည့်ဘူး ဟဲ့
သိလား”
“သလိုဆို ညဉ်းခုနက ဘာဖြစ်လို့ ပြောသတုန်း ဟဲ့”
“သူ့ရီးစား စိတ်ကောက်ပြေအောင် ချော့ထားတာလေး သဘောကျလို့ဟဲ့
ငါ့လူ ကိုရင်ငါးပိတို့နဲ့တော့ ကွာချက်တော် အားရင် ထန်းရည်မူးဖို့လောက်ဘဲ သိတဲ့လူ”
“ဟဲ့ နေကြပါဦး၊ မနေ့က ရွာ့မြောက်ဘက်ခြမ်းက မိညိုမြရဲ့ Blog လေး လှချက်တော်
Side Bar ကို ဟိုဘက် ဒီဘက် နှစ်ခြမ်းလုပ်ထားတာ၊ နောက်ခံ Background ပုံလေးကလဲ လှလိုက်တာဟယ်၊ ငါလဲ သဘော ကျလွန်းလို့ သူ့ရဲ့ Cbox ထဲမှာ ဘယ်လိုလုပ်ရသလဲလို့ စာရေးပြီး မေးလိုက်သေးတယ်၊ ကောင်မ စိတ်ပုတ်ချက် တော်၊ ဒီကနေ့ ထိ Reply မလုပ်သေးဘူး ဟဲ့”
“ဒါများအေ ဟို ရွာထိပ် ညောင်ပင်ကြီးအောက်မှာ ရွေနွေးကြမ်းဝိုင်း (http://chaukanvillage. forum5.com/index.php) နေ့တိုင်းလိုလို ရှိတယ်ဟဲ့၊ အဲဒီ့မှာ Post အသစ်ရေးပြီ မေးလိုက်လေ၊ ဖြေချင်တဲ့လူမှ ပုံလို့အေ”
“ဒါဖြင့် ညဉ်းBlog မှာ လုပ်ပြီးသွားပြီပေါ့”
“ကြာလှပေါ့ ကောင်မရယ်၊ မယုံရင် ငါ့ Blog ကို
လာကြည့်လှည့် (http://myayin.blogspot.com) လေ”
“ဟေ့လူ ကိုကျော်ကြီး ထ ထ ၈ နာရီ ခွဲနေပြီ
အလုပ်သွားရဦးမယ်လေ“
အခန်းဖော် တစ်ယောက် အတင်းနှိုးသဖြင့် အိပ်ချင်မူးတူးဖြင့် ကျော်ကြီးတစ်ယောက် အလုပ်သို့ ထသွားလေ တော့သည်။

2 comments:

Anonymous said...

I like this post. Very funny, you never know ur dream might come true one day. A good read. Keep up.

A random thoughts of a Burmese man said...

Mayvelous Thank for comment me