April 10, 2007

ရောက်တတ်ရာရာလေးများ(၂၉)

“နှစ်သစ်ကူးလို့...ချစ်ဦးကိုရှာဖွေ....
ဘယ်အရပ်ဌာနေ....
ဘယ်ဆီများသွားပါလိမ့်....
နေစိမ့်တဲ့သူရေ...”
“ပန်းပိတောက်ဝါတွေ..
ပန်းပိတောက်ဝါတွေ...
ရွှေရည်လူးဖူးပွင့်ခဲ့ပြီလေ...”
“ချစ်ဦးမေရေ...
ပန်းပွင့်ကို..လှမ်းလင့်ကာခြွေ....
ပေးချင်လှပေ...
ပေးချင်လှပေ...”
ဟိုးအဝေးကနေ ငြိမ့်ငြိမ့်ညောင်းညောင်း ကြားလိုက်ရတဲ့ သင်္ကြန် သီချင်းကြောင့် အိမ်မောကျနေရာကနေ ရုတ်တရက် ထထိုင်လိုက်မိသည် ပြီးတော့မှ မိမိဘာသာ ပြန်စဉ်းစားရင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ “အော် ငါအိပ်မက် မက်နေတာပါလား” ရွှေမြန်မာများအလေးအမြတ်ထားတဲ့ နှစ်သစ်ကူး အချိန်အခါရောက်တော့မည် မလေးရှားရောက်ကတည်းက မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်တွေ ကိုမေ့နေတာကြာပြီ၊ နှစ်ကူး သင်္ကြန်ကိုသာ အမှတ်ရသည်။ ဘာလပြည့်လို့ ဘာလကွယ်မှန်းတောင်လုံးဝမေ့နေမိပြီ။ တစ်ခါတစ်ရံ အလုပ်က နည်းနည်းနောက်ကျပြီး ပြန်လာလို့ လမင်းကြီး ထိန်ထိန်သာနေတာမြင်မှ လပြည့်နေပြီဆိုတာ သိရသည်။ နှစ်စဉ်သင်္ကြန်နားနီးတိုင်း သင်္ကြန်သီချင်းများ အပြိုင်အဆိုင်ထွက်နေကြ ဟို ကိုရင်ဂိုတို့၊ ကိုဂရေဟမ်နဲ့ကိုဘိုဘိုတို့ တွဲဖက်သီဆိုထားကြတဲ့ “နှစ်သစ်လက်ဆောင်” ပင် နံပါတ်(၅)ရောက်နေ ပြီ၊ သင်္ကြန်သီချင်းကလဲ သင်္ကြန်နားနီးမှ နားထောင်လို့ကောင်းသည် လက်ခုပ်ကလေး တဖြိုင်ဖြိုင် စည်းချက် လိုက်ပြီး ငြီးဆိုရသည်မှာ ပျော်ရွင်ဖွယ်အတိ။ ဒီတစ်နှစ်လဲ အရင်ပြီးခဲ့သော (၂)နှစ်တုန်းကလို မလေးရှား သင်္ကြန်လေးအား အစဉ်အလာမပျက်ကျင်းပလိုက်ဦးမည်။ ကျင်းပမည်သာ ပြောသည် မလေးရှားမှာ ရှိသည့် မြန်မာဘုန်းကြီးကျောင်းကတစ်ကျောင်းတည်း(ကျနော်တို့နေတဲ့နေရာနှင့်နီးနီးနားနားဖြစ်သော)၊ ကျောင်းရှိ ကျောင်းနေကိုယ်တော်များက တစ်ကယ့် နည်းနည်းရယ် ဒီမှာ ရောက်ရှိနေတဲ့ရွှေမြန်မာများက တော်တော် များနေပြီ ထို့ပြင် သူ့ထက်သူလူစွမ်းကောင်း များချည်းသာ၊ နှစ်သစ်ကူး မြန်မာသင်္ကြန်ကို သူ့နေရာလဲလုပ် ကိုယ့်နေရာလဲလုပ် ဆိုတော့ ဘုန်းကြီးပင့်ဖို့ အတွက် အတော်အခက်အခဲဖြစ်ရသည်။ တစ်နှစ်လုံးနေမှ တစ်ခါ သာလုပ်ရတဲ့အလှူပွဲလေးဆိုတော့နှစ်ဆန်းတစ်ရက်နေ့တွင်သာ လုပ်ချင်ကြသည်။ သူကလဲ နှစ်ဆန်းတစ်ရက် ကိုယ်ကလဲနှစ်ဆန်းတစ်ရက်ဆိုတော့ ဘုန်းကြီး အလျှောက်ဦးတဲ့သူသာရသည်။ ကျန်သည့်သူများ တခြားရက် ရွှေ့ပေတော့၊ ဒီနှစ်တော့ ကျနော်တို့ဦးဦးဖျားဖျား ဘုန်းဘုန်းအားကြိုတင်လျှောက်ကြားထားသဖြင့် နှစ်ဆန်းတစ် ရက်နေ့တွင်ကြွရောက်မည်ဟု ကတိပေးသည်။ ပျော်လိုက်သည့်ဖြစ်ချင်း လာရောက်သည့် ဧည့်သည်များအား ဒံပေါက်ထမင်းနှင့်ရွှေရင်အေးတိုက်မည်..ကဲ...ကဲ..အလှူပွဲနေ့ကျ..ဗွီဒီယိုရိုက်ပြီး..အားလျှင် Blog မှာတင်မည်။ ခုလောလောဆယ်တော့ ဖိတ်စာလေးဘဲကြည့်ထားကြဦးနော်....ဓါတ်ပုံလေးက ကိုဆန်းဦးBlogကနေ ခွင့်တောင်ပြီး ကူးလာတာပါ....







2 comments:

ကလိုစေးထူး said...

ဟိုမှာလည်းညံ
ဒီမှာလည်းညံ
ဘလော့ဂ်တွေမှာ စီစီညံတဲ့
သင်္ကြန်တေးသံ
မြူးကြွချင်ဟန်
ပြန်ချင်ရော့ ဟိုအဝေး
ငိုကြွေးကာ ဟစ်ချင်မိတော့
ဆွေးလှပေါ့လေး..။

A random thoughts of a Burmese man said...

ပြန်ချင်လှပေမယ့်..
ပြန်မရနိုင်တို့ဘ၀ရယ်မို့...
ဟစ်ကြွေးကာငိုချင်ပေမယ့်..
ဟိုမျက်ရည်...ဟိုမကျကောင်းဘူး..
ဆိုသည့်စကားရယ်ကြောင့်...
တင်းလျှက်..စိတ်ထား.....